ရေဖြူက ငါးရက်တာတိုက်ပွဲအတွင်း စစ်အုပ်စုက ၃၆ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဩဂုတ်လ တတိယအပတ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ငါးရက်တာ တိုက်ပွဲအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် ၃၆ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ထားပါတယ်။
ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်ကျေးရွာအနီးကို ဩဂုတ် ၁၉ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်အုပ်စုစစ်ကြောင်းဟာ ခလရ-၂၈၂ က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဩဂုတ် ၂၃ ရက်နေ့မှာ မရမ်းချောင်းကျေးရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားချိန် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါသေးတယ်။
တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦး သေဆုံးခဲ့သလို ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မွန်တော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့အတူ ဒေါနစစ်ကြောင်း – ၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ရေးဘီလူးတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁)၊ ရေးသိန်းငှက်၊ ရာမညမွန်တပ်တော် (R.M.A)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နဲ့ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း (KTLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။