လက်ပံတံခါးရွာတိုက်ပွဲမှာ မင်းဘူးခရိုင် တပ်ရင်း ၂ ဒုတပ်ခွဲမှူး ကျဆုံးပြီး စစ်အုပ်စုက ၁၂ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ လက်ပံတံခါးရွာအနီး ထိတွေ့တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၁၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒုတပ်ခွဲမှူးတစ်ဦး ကျဆုံးခဲ့တယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။
အခု အောက်တိုဘာ ၁၆ ရက်၊ ညနေ ၄ နာရီဝန်းကျင်က မလွန် မြို့နယ်၊ အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂) ကနေ စစ်ကား ၂ စီးနဲ့ ထွက်လာတဲ့ အင်အား ၆၀ ဝန်းကျင်ပါ စစ်အုပ်စုနဲ့ မင်းဘူးခရိုင် တပ်ရင်း ၂ တို့ လက်ပံတံခါးရွာ သရက်ပင်အုပ်လမ်းခွဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“လက်ပံတံခါးရွာက တိုက်နယ်ရွာကြီးပါ။ အဲ့ရွာမှာ စစ်အုပ်စု ရဲစခန်းရှိတယ်။ အဲ့မှာ စစ်အုပ်စုနဲ့ ရဲ ၅၀ ဝန်းကျင်လောက် အမြဲရှိတယ်။ အဲဒီက အဖွဲ့တွေနဲ့ သူတို့လူချိန်းဖို့ ကပစ ၂ ကနေ ကား ၂ စီးနဲ့ ထွက်လာချိန် ထိတွေ့တိုက်ပွဲဖြစ်တာ။ ကျွန်တော်တို့ဘက်က လက်ဦးမှုရယူနိုင်ပြီး ပစ်ခတ်နိုင်ခဲ့လို့ သူတို့ဘက်က ထိခိုက်သေဆုံးမှု များတာ” လို့ မင်းဘူးခရိုင် တပ်ရင်း ၂ ရုံးတာဝန်ခံ ဆရာကျောင်းက CJ Platform ကို ပြောပါတယ်။
ကင်းချိန်းဖို့လာတဲ့ စစ်အုပ်စုကားနှစ်စီးကို မင်းဘူးခရိုင် တပ်ရင်း ၂ က အီနာဂါဗုံးသီး ၂ လုံး၊ လက်ပစ်မိုင်း ၂ လုံးနဲ့ လက်ဦးမှုရယူ ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်အုပ်စုဘက်က နေရာမှာတင် ၁၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုရဲ့ သေဆုံးသူအရေအတွက်ကိုတော့ CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
သရက်အုပ်လမ်းခွဲအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် မင်းဘူးခရိုင် တပ်ရင်း ၂ ဘက်က ဒုတပ်ခွဲမှူးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့လည်း ရုံးတာဝန်ခံ ဆရာကျောင်းက ဆက်ပြောပါတယ်။
လက်ပံတံခါးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖော်ပြထားသလို မင်းဘူးခရိုင် တပ်ရင်း ၂ ဒုတပ်ခွဲမှူးရဲ့ သေဆုံးအလောင်းကိုလည်း ဖော်ပြထားပါတယ်။
အမှတ် ၁ စစ်ဒေသလက်အောက်ခံ မင်းဘူးခရိုင် တပ်ရင်း ၂ တပ်ဖွဲ့ဟာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းအနီးက နတ်ရေကန်ဗျူဟာကုန်းစခန်းတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – မင်းဘူးခရိုင်တပ်ရင်း(၂)
ပုံစာ – မင်းဘူးခရိုင်တပ်ရင်း(၂)မှ တပ်ဖွဲ့ဝင်များကို မြင်ရပုံ