ဝက်လက်မြို့မှာ စစ်အုပ်စုက ဒေသခံ ၂၀ ကျော် ဖမ်းဆီးသွား၊ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုတွေလည်း ရှိနေပြီး ဆီဝယ်ကားတွေကိုပါ ဖမ်းဆီးကာ ငွေလုယက်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်အုပ်စုက အောက်တိုဘာ ၂ ရက်နေ့မှာ ဒေသခံ ၂၀ ဦးကျော်ကို ဖမ်းဆီးသွားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂ ရက် နံနက်ပိုင်းမှာ ဝက်လက်မြို့နယ်၊ အမှတ် ၃ ခရိုင်ချင်းဆက် (ဗျူဟာလမ်းပိုင်း) ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ဟာ တမာကန်ကျေးရွာကို ပစ်ခတ်စီးနင်းဝင်ရောက်ခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“လောလောဆယ် ဖမ်းဆီးခံရတာ ၂၀ ကျော်မယ်လို့ ကနဦး ကျွန်တော်တို့ သိရသလောက်ပေါ့ဗျာ။ ကျန်ဦးမယ်လို့တော့ သိရတယ်” ဟု ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Wetlet Informational Network တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စု စစ်ကြောင်းဝင်ရောက်စဉ်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တမာကန်ကျေးရွာမှ အသက် ၈၀ အရွယ် အဖွားအိုတစ်ဦးနဲ့ အသက် ၂၇ အရွယ် မသန်စွမ်းအမျိုးသားတစ်ဦးတို့ ကျည်ထိမှန် သေဆုံးခဲ့ပြီး၊ အသက် ၃၀ ခန့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network ကတစ်ဆင့် သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းအထိ စစ်အုပ်စုစစ်ကြောင်းဟာ တမာကန်ကျေးရွာအတွင်း ဆက်လက်ရှိနေသေးတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ စက်တင်ဘာလလယ်ခန့်က မန္တလေး ဂေါဝန်ဆိပ်မှ ထွက်ခွာလာခဲ့ပြီး ဝက်လက်မြို့နယ်၊ တပ်အောက်ရွာနဲ့ အထက်ရွာတို့မှာ တပ်စွဲထားရာ အောက်တိုဘာ ၂ ရက်နေ့မှာ တမာကန်ကျေးရွာသို့ ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဒေသခံတွေကို ဖမ်းဆီးရုံသာမက အမှတ် ၃ ခရိုင်ချင်းဆက် (ဗျူဟာလမ်းပိုင်း) ပေါ် သွားလာနေတဲ့ ခရီးသွားယာဉ်တွေကိုပါ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“အမှတ် ၃ လမ်းပေါ်က သွားနေတဲ့ ဈေးဝယ်၊ ဆီဝယ်တဲ့ကားတွေ ၁၂ စီးလောက် ဖမ်းပြီး၊ မနေ့ညက ၆ စီးလောက် ပြန်လွှတ်တယ်လို့တော့ သိရတယ်။ ဆီဝယ်ကားတွေဗျ။ ပါတဲ့ငွေတွေ အကုန်သိမ်းလိုက်တယ်။ အဓိကက ဆီဝယ်မယ့်ငွေတွေကို သိမ်းသွားတာဗျ။ အဲဒါက လွတ်လာတဲ့ ကားသမားတွေက ပြောလို့ အဲဒီနယ်ခံ ရပ်ကျေး ပကဖတွေဆီက သိရတာပါ” လို့ ဒေသခံရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် တမာကန်ကျေးရွာအပါအဝင် တပ်အောက်ရွာနဲ့ အထက်ရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ မကြာခဏ တိမ်းရှောင်နေကြရပြီး၊ လက်ရှိစစ်ကြောင်းကြောင့်လည်း တမာကန်နဲ့ နီးစပ်ရာကျေးရွာတွေက ဒေသခံ ထောင်နှင့်ချီပြီး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Wetlet Informational Network