စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ တယ်လီနောကုမ္ပဏီကို JFM နဲ့ ICJ Norway တို့က အမှုဖွင့်တိုင်ကြား

Author CJ Platform
Categories
Published on Aug 28, 2025

တယ်လီနော ဆက်သွယ်ရေးသုံးစွဲသူတွေရဲ့ အချက်အလက်အားလုံးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေကို အာဏာသိမ်းစစ်အုပ်စုထံ လွှဲပြောင်းတပ်ဆင်ပေးခဲ့တဲ့ တယ်လီနော (မြန်မာ) နဲ့ မိခင်ကုမ္ပဏီ တယ်လီနော စီမံခန့်ခွဲမှုအဖွဲ့ကို နော်ဝေရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားတယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်လာပါတယ်။

 

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာနဲ့ နော်ဝေအစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စောင့်ကြည့်ထောက်လှမ်းရေး စက်ပစ္စည်းတွေ တပ်ဆင်ပေးတာ၊ ထိန်းသိမ်းပြုပြင်ပေးတာ၊ တည်ဆောက်ပေးတာတွေကို စစ်အုပ်စုလက်အောက်ခံ စောင့်ကြည့်ထောက်လှမ်းရေးစင်တာနဲ့ တယ်လီနောက ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု ဖမ်းဆီးခံခဲ့ရမှုမှာ တယ်လီနောရဲ့ မြန်မာစစ်အုပ်စုဆီ သုံးစွဲသူတွေရဲ့ အချက်အလက် လွှဲပြောင်းပေးမှုနဲ့ ဆက်စပ်နေပြီး စစ်အုပ်စုထံ သုံးစွဲသူအချက်အလက်တွေ လွှဲပြောင်းပေးပြီး မကြာမီမှာ ကိုဂျင်မီ အပါအဝင် ကိုဖြိုးဇေယျာသော်တို့ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံထဲ သုံးစွဲသူ ၁၈ သန်းနီးပါးရှိတဲ့ မိုဘိုင်းအော်ပရေတာ တယ်လီနောဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ မတ်လ ၂၅ ရက်မှာ လက်ဘနွန်ကုမ္ပဏီ M1 Group ထံ ရောင်းချခဲ့ပြီး စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေ အားလုံးကိုလည်း လွှဲအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ M1 Group ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်ပြီး M1 Group ကနေတစ်ဆင့် တယ်လီနော (မြန်မာ) ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူက ဝယ်ယူပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

 

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုအတွက် ကြားဖြတ်နားထောင်တဲ့ ကိရိယာတွေ တပ်ဆင်ပေးမှုအပါအဝင် အချက်အလက်များစွာ ပံ့ပိုးကူညီခဲ့တဲ့ တယ်လီနောကုမ္ပဏီရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ဟာ နော်ဝေအစိုးရနဲ့ နိုင်ငံတကာရဲ့ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားမှုတွေ ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ JFM က ဖော်ပြထားပါတယ်။

 

မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကို ကြီးမားစွာ ခြိမ်းခြောက်မှုဖြစ်စေခဲ့တဲ့ တယ်လီနောရဲ့ လုပ်ဆောင်မှုတွေအပါအဝင် သက်သေအထောက်အထားတွေ အများအပြားနဲ့အတူ JFM နဲ့ ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ကို အမှုဖွင့်တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။