တော်လှန်ရေးရဲဘော်တွေသယ်လာတဲ့ မူးယစ်ဆေးဝါးတွေကို CDF ဟားခါးတပ်ဖွဲ့က ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ တပ်ရင်းမှူးရဲ့ ထောက်ခံစာနဲ့အတူ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို ဖလမ်းမြို့နယ် ဗားရ်တံတားမှာ ဇူလိုင် ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး (CDF-Hakha) က ဒီနေ့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဆားလင်းကြီးမြို့နယ် ငွေသာရွာအနီးကနေ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ၃ သန်းခန့်၊ ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနတ် ၂ လက်၊ မီနီစတာလင့်ခ် ၂ လုံးတို့ကို ဖလမ်းမြို့ ဗားရ်တံတားအနီးမှာ CDF ဟားခါးက ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
CDF ဟားခါးက ဖမ်းဆီးရမိတဲ့သူတွေဟာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ က ရဲဘော် ၁ ဦး၊ ပခုက္ကူခရိုင် အမှတ် ၁ စစ်ဒေသ တပ်ရင်း ၁၀ က ရဲဘော် ၁ ဦး၊ ဆားလင်းကြီးမြို့နယ် ရွှေကြက်သွန်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၁ ဦးနဲ့ ယာဉ်မောင်း ၁ ဦး၊ ယာဉ်နောက်လိုက် ၁ ဦးတို့ ဖြစ်ကြပါတယ်။
ဒါပေမဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရာမှာ တာဝန်ခံတွေဖြစ်တဲ့ မောင်ဇော်လတ် (ဦးဝင်းမော်) နဲ့ ကိုပုတီး (ဦးကျော်မင်းဇော်) တို့ကတော့ ထွက်ပြေးတိမ်းရှောင်နေလို့လည်း ဖမ်းဆီးခံထားရသူတွေက ထွက်ဆိုထားပါတယ်။
“ဆားလင်းကြီးမြို့နယ် ငွေသာရွာနားထဲက အဆောက်အဦးကြီးတွေကနားကနေ သယ်ခဲ့တာ၊ သူတို့အဖွဲ့အစည်းဟာလို့ ပြောတယ်။ အဲ့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေနေတာ၊ ကျွန်တော်တို့ပြောတာကတော့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ လို့ပဲ ပြောတယ်” လို့ ဖမ်းဆီးခံထားရတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို CDF ဟားခါးတပ်ဖွဲ့က ဇူလိုင် ၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေကိုလည်း ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရဲဘော် ၃ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းတွေက ဖြစ်တယ်လို့ သိရပြီး ဖြစ်စဉ်အခြေအနေနဲ့ ပတ်သက်ပြီး NUG MOD ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – CDF Hakha