စစ်ကောင်စီ သုခတပ်စခန်းစစ်ကြောင်းမှူး စခန်းမကျမီအချိန်ကတည်းက KNLA တပ်ရင်းထံ ဘက်ပြောင်းခိုလှုံခဲ့တာဖြစ်

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက စစ်ကောင်စီ သုခတပ်စခန်းက စစ်ကြောင်းမှူးတစ်ဦး အခု ဇူလိုင် ၁ ရက်နေ့ကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၀ ထံ ဘက်ပြောင်းခိုလှုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သုခတပ်စခန်း စစ်ကောင်စီစစ်ကြောင်းမှူး ဗိုလ်ကြီး မြင့်ဆွေဦး (ခ) စောမိုးဇက် ဘက်ပြောင်းခိုလှုံလာမှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ သုခတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၇ ရက်မှာ သိမ်းယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီ စစ်ကြောင်းမှူး ဘက်ပြောင်းခိုလှုံလာတာဟာ စခန်းမကျမီ တစ်ပတ် အလိုကတည်းကလည်း ဖြစ်ပါတယ်။
သုခတပ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်မှာရှိတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၂၈၂ ခြေလျင်တပ်ရင်းစခန်းတစ်ခုဖြစ်ပါတယ်။ ဘက်ပြောင်းခိုလှုံခဲ့သူ ဗိုလ်ကြီး မြင့်ဆွေဦးဟာ သုခစခန်းတာဝန်ခံ၊ စစ်ကြောင်း ၂ စစ်ကြောင်းမှူးတစ်ဦးလည်း ဖြစ်ပါတယ်။
သူဟာ ဇူလိုင် ၁ ရက် နေ့လယ် ၃ နာရီဝန်းကျင် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ KNU တပ်မဟာ ၄ KNLA တပ်ရင်း ၁၀ တပ်ရင်းမှူးနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာတာဖြစ်သလို၊ စစ်ကောင်စီရဲ့ အကြမ်းဖက် အဓမ္မလုပ်ရပ်တွေကို ဆက်လက်မလုပ်ကိုင်လိုတော့တာကြောင့် ဘက်ပြောင်းခိုလှုံလာတာဖြစ်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘက်ပြောင်းခိုလှုံလာတဲ့ သုခတပ်စခန်း စစ်ကြောင်းမှူး ဗိုလ်ကြီး မြင့်ဆွေဦးနဲ့ပတ်သက်ပြီး KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဓာတ်ပုံ – KNU – Mergui-Tavoy District
ပုံစာ – စစ်ကောင်စီသုခတပ်စခန်းကို KNLA ပူပေါင်းတပ်တွေ ဇူလိုင် ၇ ရက်မှာ သိမ်းယူခဲ့စဉ်