ဝါတွင်းကာလမှာ စစ်ကောင်စီက ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

Author CJ Platform
Categories
Published on Jul 11, 2025

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ လင်းတလူးကျေးရွာကို စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၁၁ ရက် မနက်အစောပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးထံက သိရပါတယ်။

မန္တလေး-စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးနံဘေးမှာရှိတဲ့ လင်းတလူးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဒီကနေ့ မနက်အစောပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ စစ်ဘေးရှောင် ကလေး၊ လူကြီး ၃၀ ထက်မနည်း သေဆုံးခဲ့တာဖြစ်ပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့ပါတယ်။ အသေးစိတ်အခြေအနေကိုတော့ CJ Platform က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

 

ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြင်းထန်ဒဏ်ရာရသူတွေကို ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေပေမယ့် ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။

 

လင်းတလူးကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေသူတွေဟာ ရင်းမကျင်းရွာ၊ ကျော်ဇေယျာရွာနဲ့ ပုဂံတူရွာတို့က တိမ်းရှောင်လာကြသူတွေ လည်း ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့