ကျောက်မဲမြို့အနီးအထိ စစ်အုပ်စု ဝင်ရောက်လာတာကြောင့် မြို့ခံပြည်သူတွေ စစ်ဘေးရှောင်နေ သက်ကြီးရွယ်အိုတွေ အခက်အခဲ ကြုံတွေ့နေရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်တိုက်နယ်အတွင်းမှာ တအာင်းတပ် (TNLA) နဲ့ စစ်အုပ်စုတို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျောက်မဲမြို့ခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီလို တိမ်းရှောင်ရာမှာ ကျောက်မဲမြို့တွင်းက ငွေကြေးမတတ်နိုင်သူတွေ၊ သက်ကြီးရွယ်အိုတွေ တိမ်းရှောင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
“တိုက်ပွဲတွေက မြို့ထဲ မရောက်သေးပါဘူး။ ဖြစ်လာမှ ပြေးရင် မမှီဘူး။ လောလောဆယ် ကယ်ထုတ်ဖို့ ကားကြီးတွေ လိုအပ်နေပါတယ်” လို့ ကျောက်မဲမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုက နောင်ချို ဂုတ်တွင်းကနေ ထန်းတပင်ရွာဘက် လမ်းကြောင်းကနေ ကျောက်မဲကို ထိုးစစ်ဆင်လာတာကြောင့် ကျောက်မဲမြို့ အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ဒီကနေ့မှာလည်း ဇီးပင်ကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့သူ တချို့ နောင်ပိန်ကျေးရွာမှာ ပိတ်မိနေပြီး စစ်အုပ်စုက ကူညီကယ်ဆယ်ရေးတွေကိုလည်း ဝင်ခွင့် မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နောင်ပိန်ကျေးရွာထဲ ပိတ်မိနေသူတစ်ဦးကိုလည်း ပစ်သတ်သွားခဲ့ပြီး ကလေးငယ်အပါအဝင် ဒေသခံအချို့ ဒဏ်ရာရရှိထားကာ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ဒီနေ့ ဩဂုတ်လ ၂၃ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်မှာလည်း ကျောက်မဲမြို့နယ်၊ ကွန်စလန်း ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ နောင်ပိန်ကျေးရွာအနီး တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အုပ်စုက ကျောက်မဲမြို့ဝန်းကျင်ကို လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နောင်ပိန်ကျေးရွာအပြင် ဇီးပင်၊ ပင်ပေါ၊ ပင်တိန်၊ ပင်တီး၊ ကျောင်းကုန်း၊ ဖီသစ်၊ ခေးနင်းနဲ့ လွယ်ကုန် စတဲ့ ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်