အသုတ်မြို့မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ကားကြိတ်ခံရပြီး သေဆုံး

Author စကားဝါ
Categories
Published on Jan 28, 2024

ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့ရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ဇန်နဝါရီ ၂၇ ရက်နေ့ တွင် ကားကြိတ်ခံပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

အသုတ်မြို့ အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်သည် အသုတ်မြို့မှ ဓနုဖြူမြို့နယ်သို့ သွားရောက်စဉ် ကားတိုက်ခံရရာမှ ကားအောက်သို့ ရောက်ရှိသွားပြီး ခေါင်းပြားက သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ဆိုသည်။

 

“သူက တော်တော်ဆိုးတယ်၊ အာဏာမသိမ်းခင်က အချိုးတမျိုး အာဏာသိမ်းပြီးတော့ အချိုးတမျိုးနဲ့ လုပ်နေတဲ့သူ”ဟု အသုတ်မြို့ခံ တစ်ဦးက ပြောသည်။

 

၂၀၂၃ခုနှစ်အတွင်းကလည်း သေဆုံးသူ ဦးမျိုးညွှန့်ပိုင် လက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီခန့် အသုတ်ရဲစခန်းမှူးနှင့် စစ်ကောင်စီတပ်သားများ ရှိနေစဉ် တော်လှန်ရေးအင်အားစုများ လက်ပစ်ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့သေးသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဒေသခံများအား မတရားဖမ်းဆီးခဲ့ပြီး ဒေသခံပြည်သူတစ်ဦးအား စစ်ကြောရေးလုပ်ဆောင်နေစဉ် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။