NUG ထောက်ပံ့မှုရသော်လည်း CDM ရဲသားများ ဘဝရပ်တည်ရေးခက်ခဲနေ

Author လင်းသစ်
Categories
Published on Jan 27, 2024

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ CDM များကို ထောက်ပံ့ပေးနေသော်လည်း နည်းပါးလွန်း၍ ရဲ CDM များ စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်နေကြောင်း ရဲ CDM အချို့က ပြောသည်။

 

စစ်အာဏာသိမ်းမှု သုံးနှစ်နီးပါးအထိ ရှည်ကြာလာသည့်အတွက် ကျွမ်းကျင်ရာသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသူများအတွင်းမှ CDM ရဲတပ်သားအချို့ ဘဝရပ်တည်ရေး ခက်ခဲလာသည်ဟု ၎င်းတို့က ဆိုသည်။

 

” အဓိက စိတ်ချလက်ချ နေစရာတော့ ရှိချင်တာပေါ့။ ခုထိတော့ နေရာက အတည်တကျ နေလို့မရဘူး။ ရွှေ့လိုက်ပြောင်းလိုက်နဲ့ပဲ။ ကြုံရာ အလုပ်လိုက်လုပ်နေ‌ပေမဲ့ အလုပ်က ပုံမှန် မရှိဘူး။ အရင်က မလုပ်ဖူးတဲ့ ရရာအလုပ် လိုက်လုပ်ရတာဆိုတော့ နည်းနည်းတော့ အခက်ခဲရှိတယ်” ဟု ရန်ကုန်တိုင်းက လုံခြုံရေးရဲတပ်ဖွဲ့ခွဲတစ်ခုတွင် တပ်တွင်းလုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သူ CDM ရဲတပ်သားတစ်ဦးက CJ Platform သို့ ပြောသည်။

 

NUG ၏ ပြည်သူ့ရင်ခွင်(People’s Embrace)ကော်မတီ၏ CDM များကို တစ်လလျှင် ကျပ် ခုနစ်သောင်းထောက်ပံ့မှုကိုရရှိနေသော်လည်း ကုန်ဈေးနှုန်းကြောင့် မလောက်ငှသည့်အတွက် ကြုံရာအလုပ် လုပ်ကိုင်နေရကြောင်း ၎င်းက ပြောသည်။

ပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်ရင်း ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်ရောက်နေသော ပဲခူးတိုင်းအတွင်းရှိ ရဲစခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM ရဲဝန်ထမ်းတစ်ဦးသည်လည်း ဘဝရပ်တည်ရေးခက်ခဲနေကြောင်း ဆိုသည်။

 

” စရောက်ကာစက ပန်းရံ လိုက်လုပ်တယ်။ ခုတော့ လယ်လုပ်နေတယ်။ ပဲပိစပ်၊ ငရုတ်နဲ့ ချဉ်ပေါင် စိုက်ရတယ်။ လုပ်အားခကတော့ အတိအကျမဟုတ်ဘူး။ စိုက်ခင်းက ထွက်တာတွေ ရောင်းပြီးတဲ့အချိန်မှ အမြတ်ကို လုပ်အားခ အဖြစ် ခွဲပေးမှာ။ လတ်တလောတော့ လယ်နားက တဲမှာပဲ နေရတယ်။ စားစရိတ်အတွက် တစ်ပတ်တစ်ခါ ငွေကြို ထုတ်ပေးတယ်။ ပြည်သူ့ရင်ခွင်က တစ်လ ဘတ်တစ်ထောင် ထောက်ပံ့ပေးတာတော့ရှိတယ်။ တခြားလိုတဲ့ အသုံးစရိတ်အတွက်ကတော့ ပြည်တွင်းက မိသားစုတွေဆီကပဲ ပြန်တောင်းသုံးနေရတယ်” ဟု ၎င်းက ဆိုသည်။

 

မဲဆောက်တွင် အထောက်အထားမဲ့ဖြင့် နေထိုင်ရင်း ရရာအလုပ် လုပ်ကိုင်နေရသည်မှာ အခက်အခဲများဖြစ်ပေါ်နေပြီး CDM ဝင်လာသည်မှာ သုံးနှစ်နီးပါးအထိရှိလာပြီဖြစ်သော်လည်း ပြည်တွင်းရှိ မိသားစုများထံမှ ငွေကြေးတောင်းသုံးနေရကြောင်း၊ ၎င်း၏မိသားစုများသည်လည်း အလုပ်အကိုင်များ အဆင်ပြေဘဲ ငွေကြေးကြပ်တည်းနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

ပြည်သူ့ရင်ခွင်(People’s Embrace)ကော်မတီသည် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး(PMO)၏ အစီအစဉ်ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့တစ်ခုဖြစ်ပြီး ပြည်တွင်းရှိ ရဲ CDM များကို တစ်ဦးလျှင် ကျပ်ခုနစ်သောင်း၊ ထိုင်း-မြန်မာ နယ်စပ်ရောက် ရဲတပ်သားတစ်ဦးလျှင် ဘတ် တစ်ထောင်နှုန်း ထောက်ပံ့သည့်အပြင် မိသားစုဝင် လေးဦးအထိ တစ်ဦးလျှင် ဘတ်တစ်ထောင်နှုန်းဖြင့် တစ်လလျှင်  ဘတ်လေးထောင်နှုန်းထောက်ပံ့ကြောင်း CDM ရဲတပ်သားများထံမှ သိရသည်။

 

ထို့ပြင် CDM မိသားစုများအတွင်း ကျောင်းနေအရွယ် ကလေးများရှိပါက ပညာသင်စရိတ် ထောက်ပံ့ပေး လျက်ရှိသကဲ့သို့ ပြည်တွင်းတွင် တိမ်းရှောင်နေထိုင်နေရသည့် CDM များကိုလည်း ငွေကြေးအချို့သတ်မှတ်ထောက်ပံ့ပေးကြောင်း ၎င်းတို့ထံမှ သိရသည်။

 

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် ဆက်လက်မလုပ်ကိုင်လို၍ ပြည်သူ့ရင်ခွင်ကော်မတီသို့ ဆက်သွယ်ခိုလှုံလာသူ ရဲနှင့် စစ်သား CDM ဦးရေ ၁၄,၀ဝ၀ ကျော်ရှိကြောင်း NUG ၏ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ(၂၁)ရက်တွင် ထုတ်ပြ‌န်ချက်အရ သိရသည်။