‘ဟိုင်ဂင်’သဘောတူညီချက်ကို စစ်ကောင်စီထပ်မံချိုးဖောက်၊ မိုးကုတ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီ ထိုးစစ်ဆင်

Author အဂ္ဂ
Categories
Published on Jan 22, 2024

တရုတ်ကြားဝင်မှုဖြင့် သဘောတူထားသော ယာယီအပစ်‌ရပ်ရေး ‘ဟိုင်ဂင်’ သဘောတူညီမှုကို စစ်ကောင်စီတပ်များဘက်က ထပ်မံချိုးဖောက်လိုက်သည်။

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ တအာင်းတပ်မတော်(TNLA)တပ်စခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) ည (၈) နာရီဝန်းကျင်တွင် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တအာင်းတပ်မတော်(TNLA) ၏ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

 

တိုက်ပွဲဖြစ်ပွားရာနေရာသည် မိုးကုတ်မြို့နှင့် ရှမ်းပြည်(မြောက်ပိုင်း) မိုးမိတ်မြို့တို့အကြား တအာင်းတပ်မတော်၏ တပ်မဟာ(၂)စစ်ဒေသအတွင်းရှိ (၈) မိုင်တပ်စခန်းနေရာတွင်ဖြစ်သည်။

 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်သုံးလက်ကို သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်အတွင်းဖော်ပြထားသော်လည်း ထိခိုက်သေဆုံးမှုအခြေအနေကိုမူ ဖော်ပြထားခြင်းမရှိပေ။

 

ပြီးခဲ့သည့်ဇန်နဝါရီ (၁၃) ရက်‌နေ့ကလည်း ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင် တပ်စွဲထားသည့် တအာင်းတပ်မတော်ရှိရာနေရာကို စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူများ စစ်ဘေးဒဏ်သင့်မည်စိုးရိမ်သောကြောင့် တအာင်းတပ်မတော်က ယာယီတပ်ဆုတ်ပေးခဲ့ရသည်။

 

စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့သည် ရှမ်းမြောက်တွင် ဇန်နဝါရီ (၁၁) ရက်နေ့မှစတင်ကာ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေးအပါအဝင် အဓိက အချက်သုံးချက်ပါဝင်သည့်  “ဟိုင်ဂင်သဘောတူညီမှု” ကို လက်မှတ်ထိုးကာ ယာယီအပစ်ရပ်ကြရန်ဆိုခဲ့သော်လည်း စစ်ကောင်စီဘက်မှ သဘောတူညီမှုကိုချိုးဖောက်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေခြင်းဖြစ်သည်ဟု ညီနောင်အဖွဲ့က ဆိုသည်။

 

လက်ရှိတွင် စစ်ကောင်စီသည် အပစ်ရပ်စဲသည့် ဇန်နဝါရီ (၁၁) ရက်မှ ယနေ့ (ဇန်နဝါရီ ၂၂) ရက်အထိ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်များတွင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ၊ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထိုသို့လုပ်ဆောင်ခြင်းသည် အပစ်ရပ်စဲရေးစာချုပ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ဓာတ်ပုံ – PSLF/ TNLA