Maraland Defense Force – MDF မှ CDF – Maraတပ်ဖွဲ့ဝင် ၂ ဦးအားဖမ်းဆီး

Author လဂွန်းအိမ်
Categories
Published on Jan 22, 2024

CDF – Mara တပ်ဖွဲ့ဝင် ၂ ဦးကို Maraland Defense Force မှ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ကြောင်း CDF – Mara ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းဖမ်းဆီးသွားခဲ့သော CDF – Mara မှ တပ်ဖွဲ့ဝင် ၂ ဦးမှာ တပ်ခွဲမှူးအဆင့်ရှိသူတစ်ဦး ပါဝင်ခဲ့ပြီး ၉ မိုင် ကျေးရွာဂိတ်တွင် လက်နက်တစ်လက်နှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 

” အကြောင်းပြချက် ဘာတစ်ခုမှ မပေးပါဘူး၊ ဘာလိုချင်သလဲ၊ ဘာကိုမကြိုက်တာလဲ ဘာမှမသိရဘူး ဖမ်းဆီးသွားခဲ့တာပါ” ဟု CDF – Mara မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထို့အပြင် ဇနဝါရီ ၅ ရက်နေ့တွင်  ၂ ဦး နှင့် ဇန်နဝါရီ ၇ ရက်နေ့တွင် နောက်ထပ် ၂ ဦး ထပ်မံ ဖမ်းဆီးသွားသေးကြောင်း၊ ပထမ ၂ ဦးသည် ခရီးသွားရင်း အဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် ၂ ဦးကို ပြန်လွှတ်ပေးရန် AA နှင့် MDF ခေါင်းဆောင်ပိုင်းများကို CDF – Mara တောင်းဆိုခဲ့ပြီးနောက် လက်နက် မပါပဲ လာခေါ်ရန်နှင့် လုံခြုံရေးတာဝန်ယူသည် ပြန်လွှတ်ပေးမည်ဆို၍ သွားရောက်သွားခေါ်ရာမှ နောက်ထပ် ၂ ဦး အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းမှဆိုသည်။

 

မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသည်ဆိုသည်ကို CJ Platform မှ Maraland Defense Force ( MDF ) ကို ဆက်သွယ်မေးမြန်းခဲ့ရာ ” ပြည်သူတွေကို နှောက်ယှက်ပြီး ဒုက္ခပဲ ပေးလာတာ အကြိမ်မနည်းတော့ဘူး နောက်ဆုံးကြတော့ ပြည်သူလူထု တောင်းဆိုချက်ရယ် မရာပြည်သူလူထု ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ အတွက် မရာပြည်မှာ လူပ်ရှားနေတဲ့ လက်နက်ကိုင်ဖြစ်တဲ့ CDF mara တွေကို ဖမ်းတာဖြစ်တယ်” ဟု ပြန်လည်ဖြေဆိုခဲ့သည်။

 

မရာနယ်မြေတွင် ၂၀၂၁ အာဏာမသိမ်းခင်ကတည်းက Mara Army (MA) ဟုရှိခဲ့ပြီး အာဏာသိမ်းပြီးစနောက်ပိုင်းတွင် CDF – Mara ဟု ပေါ်ပေါက်လာခဲ့သဖြင့် အချင်းချင်းကြား ပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက် တစ်ဖွဲတည်းအဖြစ် ပေါင်းစည်းကာ Maraland Defense Force (MDF) အဖြစ်ဖွဲ့စည်းခဲ့ကြပြီး Mara Army(MA) နဲ့ CDF-Mara တို့ကို ဖြုတ်သိမ်းကာ ပေါင်းစည်းခဲ့ကြသည်။

 

ထို့နောက် MDF မှ အဖွဲ့ဝင်အချို့ နုတ်ထွက်ခဲ့ကြကာ ရွာ ၅ ရွာအား အခြေခံပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းကာလတွင် CDF – Mara အား ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက်  ချင်းအမျိုးသားတပ်ဦး CNF မှ MDF နှင့် CDF – Mara တို့တွင် CDF – Mara ကို Chinland Joint Defense Committee (CJDC) အဖွဲ့ဝင်အဖြစ် ၂၀၂၂ ခုနှစ်အစောပိုင်းတွင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

 

ကျော်ကြားလှသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းပြည်နယ်တွင်လည်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ ယမန်နှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် လိုင်လင်းပီမြို့အား သိမ်းပိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွင်း CNA/CNF နှင့်အတူ CDF – Mara လည်း ပူးပေါင်းအဖွဲ့အဖြစ် ပါဝင်တိုက်ခိုက်ခဲ့သည်။

 

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ရှိ လိုင်လင်းပီမြို့အား မြို့အုပ်ချုပ်ရေးစနစ် ထူထောင်ရာတွင် MDF မပါဝင်ပဲ CDF – Mara မှ အဓိကပါဝင်ခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း CDF – Mara ထံမှ စုံစမ်းသိရှိရသည်။

 

Maraland Defense Force MDF ကမူ မရာပြည်သူလူထုအားလုံးမှ MTC/MDF ကို ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် MDF တပ်တစ်ခုသာ ရှိရမည်ဖြစ်ပြီး တစ်ဦး နှစ်ဦးခွဲထွက်ကာ CDF – Mara ခွဲထွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း MTC/MDF ကျေးရွာအုပ်ချုပ်ရေးများကို အာဏာသုံးဖျက်သိမ်းကာ ပြည်သူများအား အမျိုးမျိုး နှောင့်ယှက်လာသဖြင့် MTC/MDF မှ ယင်းသို့မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပြီးဖြစ်သဖြင့် ယခုကဲ့သို့ ဖမ်းဆီးရသည့် ကိစ္စရပ်များ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း CJ Platform အားဆိုသည်။

 

“ပြောချင်တာက အခုချိန်မှာ ကျွန်တော်တို့ ရန်သူဆိုတာ စကစပဲဖြစ်သင့်တယ်။ အချင်းချင်း ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နယ်မြေလုတာ မလုပ်သင့်ပါဘူး။ ကျွန်တော်တို့ CDF – Mara က သွေးချွေးတွေပေးဆပ်ပြီး တိုက်ပွဲဝင်တယ်၊ လွတ်မြောက်နယ်မြေဖြစ်လာတော့ အုပ်ချုပ်ရေးထူထောင်တယ်။ ဘာများမှားလို့လဲ၊ MDF တွေကို ပြောချင်တာက ကျွန်တော်တို့ ရဲဘော်တွေကို အမြန်ဆုံးပြန်လွတ်ပေးပါ၊ လက်နက်လည်း ပြန်ပေးပါ။ တော်လှန်ရေးသမားအချင်းချင်း ပြသနာမရှာပါနဲ့လို့ ပြောချင်ပါတယ်” ဟု CDF – Mara မှ CJ Platform အား ဖြည့်စွက်ပြောကြားခဲ့သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်