ပလက်ဝဒေသ တစ်ခုလုံးနှင့် ရက္ခိုင်ရှိ ဗျူဟာကုန်းအချို့ကိုပါ သိမ်းနိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Jan 15, 2024

ချင်းပြည်နှင့် ရက္ခိုင်ပြည်နယ်စပ် ပလက်ဝဒေသအတွင်းတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ကာ ပလက်ဝဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး ရက္ခိုင်ပြည်ရှိ မြို့နယ်အချို့တွင်လည်း စစ်ကောင်စီ၏ ဗျူဟာကုန်းများအပါအဝင် စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA)က ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ချင်းပြည် ပလက်ဝဒေသအတွင်းတွင်ရှိသည့် စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို ထိန်းချုပ်ကွပ်ကဲနေသည့် ခြေလျင်တပ်ရင်း (ခလရ) ၂၈၉၊ အမှတ် ၁၉  စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၏ ရှေ့တန်းတပ်မဌာနချုပ်များ အပါအဝင် ဗျူဟာကုန်းများ အခြေစိုက်စခန်းများကိုပါ သိမ်းပိုက်နိုင်ခဲ့ကာ ပလက်ဝဒေသတစ်ခုလုံးသည် စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်ပြီဟုလည်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ သံချပ်ကာကား၊ အတွဲလိုက်ဒုံး၊ ဟောင်ဝစ်ဇာအမြောက်များ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ၊ စစ်သုံးယန္တာရားများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်သည့်ပုံများတွင် ပလက်ဝမြို့ရှိ မြို့နယ်စည်ပင်ရုံး၊ မြို့နယ်အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာနချုပ်ရုံး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မီးသတ်တပ်ဖွဲ့ရုံးတို့တွင် ရက္ခိုင့်တပ်တော်၏ စစ်သည်များက သိမ်းပိုက်နေရာယူထားသည်ကိုလည်း တွေ့မြင်ရသည်။

ရက္ခိုင့်တပ်တော်သည် ပလက်ဝဒေသကို ထိန်းချုပ်နိုင်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃) ရက်မှ စတင် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး (၆၂) ရက်မြောက်ဖြစ်သည့် ဇန်နဝါရီ (၁၄) ရက်နေ့တွင် ပလက်ဝဒေသတစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလည်း ဖြစ်သည်။

ထို့ပြင် ကျောက်တော်မြိုနယ်အတွင်းရှိ အမြောက်တပ်(၃၇၇) စခန်း၊ ရသေ့တောင်မြို့နယ်ရှိ ရီစိုးချောင်းဗျူဟာကုန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စတပ်ဖွဲ့ဝင်အချို့သည် အန္ဒိယဘက်သို့ ထွက်ပြေးသွားခြင်းမျိုးရှိပြီး အချို့မှာ ဒေသအတွင်းတွင်ပင် ပြေးလွှာပုန်းအောင်းနေနိုင်သေးသဖြင့် ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်းကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည်ဟုလည်း သိရသည်။

ယမန်နေ့ နေ့လယ် (၂) နာရီ (၄၀) မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ မြောက်ဘက်၊ ခမောင်းဆိပ်ရွာ၏ အနောက်မြောက်ဘက် (၂ဒဿမ၂) ကီလိုမီတာ အကွာအဝေး၌ စခန်းများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများနှင့် ရက္ခိုင့်တပ်တော်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂၀)ကျော် သေဆုံးကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကိုလည်း သိမ်းဆည်းရမိသည်ဟု ရက္ခိုင့်တပ်တော်က ဆိုသည်။

ထို့အပြင် မိဘပြည်သူများအနေဖြင့်လည်း ဒေသအတွင်းတွင် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေနိုင်သဖြင့် အထူးသတိထားကြရန်နှင့် သတိထားသွားလာရန် အလေးအနက် သတိပေးအပ်သည်ဟုလည်း ဆိုထားသည်။

 

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ချင်းပြည် ပလက်ဝဒေသတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည့်အပြင် ရက္ခိုင်ပြည်ရှိ မြို့နယ် (၁၅) ခုတွင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၁၆၀) ဝန်းကျင်ကိုပါ သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။

 

ဓာတ်ပုံ – AA Info Desk

Related News

Depend on news