အမေရိကန်ဘက်ယိမ်းသူ ထိုင်ဝမ်၏ ၁၆ ယောက်မြောက်သမ္မတဖြစ်လာ

Author လင်းနွေဦး
Categories
Published on Jan 13, 2024

ကမ္ဘာတစ်ဝန်း စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံနေရသော ထိုင်ဝမ်ကျွန်းစုနိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတမှာ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP)မှ လိုင်ချင်းတီဖြစ်လာကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

 

လိုင်ချင်းတီ(Lai Ching-te)သည် မဲပေးခွင့်ရှိသူ ထိုင်ဝမ်နိုင်ငံသား ၁၉ ဒသမ ၅ သန်းမှပေးအပ်သော ဆန္ဒမဲအရေအတွက်တွင် လက်ရှိအချိန်အထိ ရာခိုင်နှုန်းအားဖြင့် ၄၀ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ဆန္ဒမဲအရေအတွက် (၅,၅၈၁,၆၂၈)မဲဖြင့် ထိပ်ဆုံးမှ ဦးဆောင်ကာ ပြိုင်ဘက်များကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

မဲဆန္ဒတွက်ချက်မှုမှာ မပြီးဆုံးသေးသော်လည်း ပြိုင်ဖက်များဖြစ်သည့် ကူမင်တန်ပါတီ(KMT)မှ ဟိုယုအင် (Hou Yu-ih)၏ မဲရာခိုင်နှုန်း ၃၃ ဒဿမ ၅ ရာခိုင်နှုန်း ဆန္ဒမဲအရေအတွက် ၄,၆၆၄,၉၆၂ မဲအား လည်းကောင်း၊ ထိုင်ဝမ်ပြည်သူ့ပါတီ(TPP) မှ ကိုဝမ်ဂျီ (Ko Wen-je)၏ မဲရာခိုင်နှုန်း ၂၆ ဒဿမ ၅ ရာခိုင်နှုန်း ဆန္ဒမဲအရေအတွက် ၃,၆၈၆,၁၀၈ မဲအား လည်းကောင်း အသီးသီးကျော်ဖြတ်ခဲ့ပြီးနောက် အနိုင်ရရှိရန် လုံလောက်သည့်မဲအရေအတွက်ကိုရရှိခဲ့ပြီဖြစ်သည့်အတွက် နိုင်ငံတကာမီဒီယာများတွင် သမ္မတသစ် ဟုသုံးနှုန်းကာ ရေးသားနေကြခြင်းဖြစ်သည်။

 

ထိုင်ဝမ်၏ သမ္မတသစ်ဖြစ်လာမည့် လိုင်ချင်းတီသည် လွတ်လပ်မှုကို ပိုမိုလိုလားသူဖြစ်ပြီး ထိုင်ဝမ်၏ ဒီမိုကရေစီလမ်းကြောင်းတွင် ဝင်ရောက်စွက်ဖက်လျက်ရှိသည့် အမေရိကန်နိုင်ငံနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသူတစ်ဦးလည်းဖြစ်သည်။

 

လက်ရှိ တရုတ်နိုင်ငံနှင့် ဖြစ်ပွားလျက်ရှိသည့် ထိုင်ဝမ်ရေလက်ကြားပြဿနာအား အဖြေရှာလိုသူတစ်ဦးဖြစ်သည့်အပြင် အမေရိကန်နှင့် နီးကပ်သည့်ဆက်ဆံရေးလည်းရှိသည့်၎င်းကို ပြည်မတရုတ်နိုင်ငံမှ “ပြဿနာ ရှာဖွေသူ”ဟုပင် ခေါင်းစဉ်တပ်ခြင်းခံထားရကြောင်း BBC ကမ္ဘာ့သတင်းမီဒီယာတွင် ဖော်ပြသည်။

 

ထိုင်ဝမ်ရေလက်ကြားသည် တရုတ်နှင့် အမေရိကန်တို့အတွက် အကျိုးစီးပွားများစွာ ဖြစ်ထွန်းစေနိုင်သည့်အတွက်လည်း ထိုအင်အားကြီးနှစ်နိုင်ငံက ထိုင်ဝမ်အနာဂတ်အား အဆုံးဖြတ်ပေးနိုင်သည်ဟု ဆိုနိုင်သော ယခုသမ္မတ ရွေးကောက်ပွဲကို မျက်စိထောင့်ထောက် ကြည့်နေခြင်းလည်းဖြစ်သည်ဟု CNN သတင်းဌာနက ရေးသားသည်။

 

ပြည်မတရုတ်နိုင်ငံသားများက ၎င်းတို့နှင့်အမြင်မတူသည့် သမ္မတသစ် အနိုင်ရရှိမှုအပေါ်  “ငါတို့တော့ မအံဩတော့ပါဘူး။ ဒါက လေးနှစ်ကြာတိုင်းဖြစ်နေကျပါပဲ” ဟူ၍ လည်းကောင်း၊ “ထိုင်ဝမ်ကိုတော့ မကယ်တင်နိုင်တော့ဘူး” ဟူ၍ လည်းကောင်း၊ ” ငါတို့ မီဒီယာတွေက ငါတို့ကိုလိမ်ထားတာ။ ထိုင်ဝမ်ပြည်သူတွေမုန်းတယ်ဆိုတဲ့ သူတွေကပဲ နိုင်သွားတာချည်းပဲ” ဟူ၍လည်းကောင်း စသည့်မှတ်ချက်များအား လူမှုကွန်ရက်များတွင်ရေးသားခဲ့ပြီး ကြည့်ရှုသူ ပြန်လည်ဖြန့်ဝေသူ အရေအတွက်မှာလည်း များပြားခဲ့သည်။

 

လက်ရှိတွင် ဒီမိုကရက်တစ်တိုးတက်ရေးပါတီဝင် တစ်ဖြစ်လည်း အစိုးရအဖွဲ့တွင် ဒုသမ္မတအဖြစ် တာဝန်ယူထားသူ လိုင်ချင်းတီ၏ အနိုင်ရရှိမှုကို ပါတီတူဖြစ်သည့် လက်ရှိထိုင်ဝမ် သမ္မတက ဂုဏ်ပြုစကားပြောကြားခဲ့သည်။

 

ဆိုင်အင်ဝမ် (Tsai Ing-Wen)က “ကျွန်မတို့ချစ်တဲ့ ထိုင်ဝမ်နဲ့ လွတ်လပ်မှုအတွက် ဘယ်လိုအတားဆီးနဲ့ စိန်ခေါ်မှုတွေကိုမဆို ဖြတ်ကျော်နိုင်ကြောင်း ပြည်သူတွေက ပြသခဲ့ပြီး ဘယ်အရာကမှ ဒီမိုကရေစီကို ထိန်းသိမ်းဖို့ အဟန့်အတားမရှိတော့ပါဘူး” ဟု ဒုသမ္မတ ဖြစ်သူ လိုင်ချင်းတီကို ဂုဏ်ပြု ပြောဆိုခဲ့သည်ဟု BBC ကမ္ဘာ့သတင်းတွင် ဖော်ပြသည်။

 

ပြီးခဲ့သည့် ၁၉၉၆ ခုနှစ်မှစတင်ကာ ထိုင်ဝမ်တွင် လေးနှစ်တစ်ကြိမ် ကျင်းပသော ရွေးကောက်ပွဲများအတွင်း ၁၉၉၆ ခုနှစ်၊ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်ခုနှစ် တို့တွင် ကူမင်တန်(KMT)မှ သုံးကြိမ် အနိုင်ရခဲ့ဖူးပြီး ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP)မှ ၂၀၀၀ ၊၂၀၀၄၊၂၀၁၆၊၂၀၂၀ ခုနှစ်တို့တွင် အနိုင်ရခဲ့ဖူးကာ ယခုအကြိမ်သည် ၅ ကြိမ်မြောက် အနိုင်ရရှိခြင်းဖြစ်သကဲ့သို့ သမ္မတ သုံးဆက်မြောက်အထိ DPP ပါတီမှ အနိုင်ရရှိခြင်းလည်း ဖြစ်သည်။