မြို့ပတ်ရထားလက်မှတ်ခ သတ်မှတ်နှုန်းထက် နှစ်ဆခန့် ပိုမိုပေးစီးနေရ

Author ကိုထက်
Categories
Published on Jan 02, 2024

မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားနှုန်းထားခများကို ကျပ် ၃၀ဝ သတ်မှတ်ထားသော်လည်း အချို့ဘူတာများတွင် နှစ်ဆခန့်အထိ ပိုမိုပေးဝယ်နေရကြောင်း ရထားစီးနင်းသူများက ပြောသည်။

 

ယခင် စစ်ကောင်စီ အာဏာမသိမ်းမီကာလအတွင်း ရထားလက်မှတ်တစ်စောင် ကျပ် ၁၀၀ နှုန်းမှ ၂၀၀ ပြောင်းလဲခဲ့ပြီးနောက် ယခုအခါ မြန်မာ့မီးရထားတရားဝင်သတ်မှတ်ဈေးမှာ လက်မှတ်တစောင်လျှင် ၃၀၀ ကျပ်ဖြစ်သော်လည်း ကျပ် ၄၀၀ မှ ၆၀၀ အထိ ပိုမိုပေးဝယ်နေရကြောင်း မြို့ပတ်ရထား ပုံမှန်စီးနေသူ ခရီးသည်တစ်ဦးက ပြောသည်။

 

“လိုင်းကားခက ၄၀ဝ ဖြစ်နေချိန် သက်သာလိုသက်သာငြှား ရထားစီးကာမှ တစ်ခါတလေ လိုင်းကားခထက် ပေးစီးရတာတွေတောင်ရှိသေးတယ်” ဟု မြို့ပတ်ရထား ပုံမှန်စီးနင်းသူတစ်ဦးက ပြောသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်ကောင်စီက အာဏာသိမ်းပြီးသည့်နောက် မီးရထားဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် တစ်နှစ်ကျော်နီးပါး ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုများ ရပ်နားခဲ့ရသည်။

 

“စီးတဲ့သူက ဟိုးအရင်လောက်တော့ မများတော့ဘူးပေါ့။ ပြေးဆွဲချိန်ကလည်း လျှော့ထားတာလည်းရှိတော့ ခရီးသည် သိပ်မရှိဘူး။ ဈေးရောင်းရတာလည်း ခါတိုင်းလို သိပ်ရောင်းမကောင်းပါဘူး ” ဟု ရထားပေါ် ဈေးရောင်းချသူတစ်‌ဦးက ပြောသည်။

 

လက်ရှိအချိန်တွင် စက်သုံးဆီများ ရှားပါးသည့်အပြင် ဈေးနှုန်းမြင့် တက်နေပြီး Taxi ငှားရမ်းခ၊ အဝေးပြေးကားခများ ဈေးတက်နေသည့်အပြင် မီးရထားခများပါ လိုက်ပါမြင့်တက်နေသည့်အတွက် ခရီးသွားပြည်သူများ သွားလာရေးအတွက် အခက်အခဲများရင်ဆိုင်နေရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်