ဒိုက်ဦးထောင်ရှိ နိုင်/ကျဉ်းများ သေနတ်ဖြင့် ချိန်ရွယ်ခံရမှုအပါအဝင် ခြိမ်းခြောက်ခံရမှုအများအပြားနှင့် ရင်ဆိုင်နေရ အကူးအပြောင်းကာလတွင် နစ်နာသူများကိုယ်စား တရားစွဲမည်ဟု နိုင်/ကျဉ်းကွန်ရက်ဆို

Author ခေတ်နီ
Categories
Published on Jan 02, 2024

ဖိနှိပ်မှုပေါင်းများစွာခံနေရသော ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူများသည် ထောင်အာဏာပိုင်များ၏ သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်မှုများအပါအဝင် ခြိမ်းခြောက်မှုပေါင်းများစွာဖြင့် ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPN)ထံမှ သိရသည်။

 

ဒိုက်ဦးအကျဉ်းထောင်အတွင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစတင်၍ ထောင်အာဏာပိုင်များက ထောင်ဝင်စာပေးပို့ခွင့်ကန့်သတ်ခြင်းအပါအဝင် အကျဉ်းထောင်အတွင်း ဘာသာစကားလေ့လာခြင်းနှင့် အကျဉ်းသားများထံ မိသားစုများမှပို့ဆောင်သည့်စာများ သိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်နေခဲ့ကြောင်း PPN ထံမှ သိရသည်။

 

ထို့ပြင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများကိုလည်း ထောင်တွင်း အမျိုးသမီးအဆောင်မှူးတစ်ဦးဖြစ်သည့် ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သေနတ်ဖြင့်ချိန်ရွယ်ကာ အကျဉ်းသူများကို မိသားစုနှင့် ဝေးလံသည့် ထောင်များသို့ ပြောင်းရွှေ့မည်ဟု ခြိမ်းခြောက်ခြင်းများအပါအဝင် တရားရုံးထွက်ချိန်များတွင်လည်း နိုင်ငံရေးအကျဉ်းသူများ၏ အရှက်သိက္ခာကျဆင်းစေသည်အထိ ရှာဖွေမှုများလုပ်ဆောင်နေကြောင်း PPN ၏ တာဝန်ရှိပုဂ္ဂိုလ် ကိုသိုက်ထွန်းဦးက CJ Platform သို့ ပြောသည်။

 

” (၂၀၂၃ ခုနှစ်)ဒီဇင်ဘာလ တတိယအပတ်လောက်ကစပြီး အကျဉ်းသူတွေကို သေနတ်ပြပြီးခြိမ်းခြောက်တယ်။ မင်းတို့ကို မိသားစုနဲ့ အဝေးဆုံးထောင်ကို ပို့ဆောင်မယ်ဆိုပြီးပြောတယ်။ အဲဒီလိုကျတော့ အကျဉ်းသူတွေက မိသားစုတွေအနေနဲ့ သူတို့ဆီ ပါဆယ်ပို့နိုင်ပါ့မလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေ ခံစားလာအောင်လုပ်နေတယ်ပေါ့။ ဒါတွေက ကျွန်တော်တို့ လုံးဝလက်သင့်ခံလို့မရတဲ့အခြေအနေပေါ့” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

 

ထို့ပြင် အဆိုပါဒိုက်ဦးထောင်အတွင်း အကျဉ်းသားများအနေဖြင့် မသန့်ရှင်းသည့် ရေများကိုသာ  အသုံးပြုနေရသည့်အတွက် အရေပြားရောဂါများဖြစ်ပွားနေသည့်အပြင် လုံလောက်သည့် ဆေးဝါးကုသမှုများလည်း မရရှိသည့်အခြေအနေများဖြင့် ရင်ဆိုင်နေရကြောင်း PPN ထံမှ သိရသည်။

 

“အဓိက ထောင်အာဏာပိုင်၊ အကျဉ်းထောင်ရဲ့တာဝန်ဟာ အကျဉ်းသားတွေကို စစ်ကောင်စီ ဒါမှမဟုတ် ရဲကဖမ်းဆီးလာတဲ့သူတွေကို ထိန်းသိမ်းရမယ့် တာဝန်တစ်နေရာပဲဖြစ်သင့်တယ်။ သူတို့ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကို သူတို့တွေအနေနဲ့ ဒီလိုမျိုးလက်လွတ်စပယ်ကျူးလွန်တာမျိုး လုပ်လို့မရဘူး” ဟု PPN တာဝန်ရှိသူက ဆိုသည်။

 

ကိုသိုက်ထွန်းဦးက ဆက်လက်၍ “ဒီလိုမျိုးလုပ်တဲ့အပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့ စနစ်တကျမှတ်တမ်းတင်သွားမယ်။ ကျူးလွန်ခဲ့တဲ့သူတွေကို အကူးအပြောင်းကာလမှာ နစ်နာသူတွေကိုယ်စား တရားစွဲဆိုသွားမယ်။ ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ခံရအောင်ကြိုးစားသွားမယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံနေရသည့်အကျဉ်းထောင်များတွင် ဒိုက်ဦးအကျဉ်းထောင်လည်းပါဝင်နေပြီး ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးကို စစ်ကောင်စီတပ်မှ ထောင်ပြင်ခေါ်ထုတ်ကာ သတ်ဖြတ်မှုအပါအဝင် နိုင်ငံရေးအကျဉ်းသားအများအပြားကို ကာလရှည်တိုက်ပိတ်ထားမှုများလည်းရှိခဲ့သေးသည်။

 

ဓာတ်ပုံ – Google Map