ကျောက်မဲမြို့နယ်အတွင်း ၆ ခုမြောက် မြို့အဖြစ် မိုင်းငေါ့မြို့အား TNLA သိမ်းပိုက်နိုင်ခဲ့ ကျောက်မဲ မြို့နယ်တစ်ခုလုံးအား TNLA သိမ်းပိုက်နိုင်ရန် တစ်မြို့သာ ကျန်ရှိနေ

Author လင်းနွေဦး
Categories
Published on Jan 01, 2024

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် အတွင်းရှိ အချက်အခြာကျသော စစ်ကောင်စီ ဗျူဟာကုန်းအား သိမ်းပိုက်ပြီးနောက် မိုင်းငေါ့မြို့အား ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်ဟု TNLA နှင့်နီးစပ်သူ တစ်ဦး မှ CJ Platform သို့ အတည်ပြု ပြောကြားသည်။

 

တအာင်းတပ်မတော် (TNLA)မှ ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ အတွင်းရှိ စစ်ကောင်စီ တပ်စွဲရာ စခန်းများအား ဦးစွာ တိုက်ခိုက်သိမ်းပိုက် ပြီးနောက်  မိုင်ငေါ့မြို့အား သိမ်းပိုက်နိုင်ပြီဟု အတည်ပြုနိုင်ခဲ့ခြင်းလည်းဖြစ်သည် ။

 

“မိုင်းငေါ့က ကျောက်မဲမြို့ရဲ့ မြို့နယ်ခွဲ ပေါ့လေ သူ့မှာ ဗျူဟာကုန်း တစ်ခုပဲရှိတယ် မြို့ထဲမှာတော့ ရဲစခန်း ရှိမယ် မီးသတ်ရုံးရှိမယ် ထွေ/အုပ် ရုံးတွေ ဌာနဆိုင်ရာရုံးတွေ  ရှိမယ်ပေါ့လေ အဲ့တာတွေ သိမ်းပြီးတော့မှ အဲ့ဗျူဟာကုန်း ကို သိမ်းခဲ့တာပါ”ဟု TNLA နှင့် နီးစပ်သူ တစ်ဦးမှ CJ Platform သို့ ပြောကြားသည်။

 

တအောင်းတပ်မတော် (TNLA)သိမ်းပိုက်ခဲ့သော မိုင်းငေါ့မြို့သည်  ကျောက်မဲမြို့နယ် အတွင်းရှိ မြို့နယ်ခွဲ သုံးခု တွင် တစ်ခု အပါအဝင်ဖြစ်ပြီး မိုင်းလုံ၊မိုင်းငေါ့ နှင့် ကျောက်မဲ ဟူ၍ ရှိရာ မိုင်းလုံ မြို့အား ပြီးခဲ့သည့် ဒီဇင်ဘာ လ အတွင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်၍ မြို့နယ် တစ်ခုလုံး သိမ်းပိုက်နိုင်ရန်မှာ ကျောက်မဲ မြို့တစ်ခုသာ ကျန်ရှိတော့သည်။

 

ယခု သိမ်းပိုက်နိုင်ခဲ့သည့် မိုင်းငေါ့မြို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၁၅ ရက်မှ ၂၈ ရက်နေ့ အတွင်း TNLA မှ သိမ်းပိုက်နိုင်ခဲ့သော မိုင်းလုံ၊နမ့်ဆန်၊နမ့်ခမ်း၊မန်တုံ၊နမ္မတူ မြို့ များပြီးနောက် ၆ ခုမြောက် မြို့အဖြစ် သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ဓာတ်ပုံ – Google