စစ်ကောင်စီကို လျှော့မတွက်ရန်နှင့် စစ်ကောင်စီ၏ မြူဆွယ်ခြင်းများကို သတိထားရန် ညီနောင်သုံးဖွဲ့ သတိပေး

Author အဂ္ဂ
Categories
Published on Dec 31, 2023

၁၀၂၇ စစ်ဆင်ရေး နှင့် နိုင်ငံအနှံ့အပြားတွင်ဆင်နွှဲနေသော ဟန်ချက်ညီ စစ်ဆင်ရေးများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မမျှော်မှန်းဖူးသာ စစ်ကောင်စီ၏ စခန်းများကို  တစ်ခုပြီးတစ်ခု အလဲထိုးသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီကို လျှော့မတွက်ကြရန်နှင့် စစ်ကောင်စီ၏ ခေတ်အဆက်ဆက် အသုံးပြုလာသည့် သွေးခွဲမှု၊ မက်လုံး၊ အာဏာများဖြင့် ဖြားယောင်းမှုများကိုလည်း သတိထားကြရန် အထူးလိုအပ်သည်ကို တော်လှန်ရေးထဲတွင် ဖြတ်သန်းခဲ့သော အတွေ့အကြုံနှင့် သင်ခန်းစာများအရ ညီနောင်သုံးဖွဲ့က အသိပေးရခြင်းဖြစ်သည်ဟု ယမန်နေ့ (ဒီဇင်ဘာ ၃၀ ရက်) ညတွင် ထုတ်ပြန်ခဲ့သည်။

 

အောက်တိုဘာ ၂၇ တွင် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း လက်ရှိအချိန်တွင် ကိုးကန့်ဒေသအားလုံးနီးပါးကို ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားနိုင်ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လောက်ကိုင်နှင့် စခန်းအချို့သာ စစ်ကောင်စီတပ်က ထိန်းထားနိုင်တော့သည်ဟု ဆိုသည်။

 

ကိုးကန့်တပ်သည် ကိုးကန့်ဒေသတွင်ရှိသော ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ပန်ဆိုင်း၊ ကုန်းကြမ်း စသည့်မြို့နယ် (၅) ခုအပြင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၂၀၀) ကျော်နှင့် တရုတ်- မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါသည့် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်တိုင်းနှင့် ကျင်းစန်ကျော် စသည့် နယ်စပ်ဂိတ်များကိုပါ ထိန်းချုပ်ထားနိုင်သည်ကို ကိုးကန့်တပ် ထုတ်ပြန်ချက်များအရ သိရသည်။

 

ထို့ပြင် တအာင်းစစ်ဒေသတွင်လည်း တအာင်းတပ်မတော် (TNLA) သည် ၎င်းတို့၏ စစ်ရေးမျှော်မှန်းချက်နှင့်အတူ တအာင်းပြည်နယ် ရည်မှန်းချက်ကို တဆင့်ပြီး တဆင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟုလည်း ဖော်ပြထားသည်။

 

တအာင်းတပ်မတော်သည် ရှမ်းမြောက်တခွင်တွင် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ နမ္မတူမြို့ စသည့်မြို့ငါးမြို့နှင့်အတူ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၇၀) ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ကျန်ရှိနေသေးသည့် စစ်ရေးပစ်မှတ်များကို ဆက်လက် တိုက်ခိုက်နေသည့်အတွက် တအာင်းစစ်ဒေသတွင် နေစဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

အလားတူပင် ရက္ခိုင့်တပ်တော် (AA) သည်လည်း ရက္ခိုင်ပြည်တွင် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များကို တိုက်ပွဲဝင် အကောင်အထည်ဖော်လျက်ရှိပြီး လက်ရှိတွင် ရက္ခိုင်ပြည်နှင့် ချင်းပြည်နယ်တွင်ရှိ‌သော စစ်ကောင်စီ၏ ဗျူဟာကုန်းများ၊ နယ်ခြားစောင့်စခန်းများ အပါအဝင် စစ်ကောင်စီ၏ စခန်းပေါင်း (၁၄၅) ခုထက်မနည်း သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်သည်။

 

၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီစစ်ဆင်ရေးဟုဆိုကာ နိုင်ငံအနှံ့အပြားတွင်ရှိသော တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကလည်း နီးစပ်ရာ စစ်ကောင်စီတပ်စခန်းနှင့် မြို့များကို ဝင်ရောက်တိုက်ခိုက်ကာ မြို့အချို့နှင့် စစ်‌ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ (၂၇) မှ ဒီဇင်ဘာ (၃၀) ရက်အထိ (၆၅) ရက်တာအတွင်းတွင် စစ်ကောင်စီသည် နိုင်ငံတဝှန်းရှိ မြို့ပေါင်း (၂၀) ကျော်၊ အခြေစိုက်စခန်းပေါင်း (၄၀၀) ကျော်အထိ လက်လွှတ်ထားရပြီလည်း ဖြစ်သည်။

 

ထိုသို့ အထိနာနေသည့် စစ်ကောင်စီသည် ဒီဇင်ဘာလ အစောပိုင်းတွင် တရုတ်အကူအညီဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့ကာ အပေါင်းရလဒ်များထွက်ပေါ်ခဲ့သည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning တို့က ဒီဇင်ဘာ (၁၁) ရက်နေ့တွင် အသီးသီး အတည်ပြုပြောဆိုခဲ့ကြသည်။

 

သို့သော် ရှမ်းမြောက်နှင့်ရက္ခိုင်ပြည်တို့တွင် တအာင်းတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) တို့နှင့် နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေပြီး အပစ်ရပ်ထားသည်ဟု သတင်း‌ထွက်ပေါ်နေသည့် ကိုးကန့်ဒေသတွင်လည်း ကိုးကန့်တပ်စခန်းအချို့ကို စစ်ကောင်စီတပ်များက အလစ်ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကိုးကန့်ဒေသရှိ အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခြင်းများပြုလုပ်ခဲ့သည်ကို ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်များအရ သိရသည်။

 

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း လောက်ကိုင်မြို့နှင့်အနီးတဝိုက် လောက်ကိုင်နယ်‌မြေတွင် ကိုးကန့်တပ်နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်ကို ယမန့်နေ့ (ဒီဇင်ဘာ ၃၀ ရက်) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားထားသည်။

 

စစ်ကောင်စီက ထိုကဲ့သို့ အပြောတစ်မျိုး အလုပ်တစ်မျိုးအပြင် ပြည်သူလူထုဝေဝါးအောင် သတင်းထုတ်လွှင့်ခဲ့သဖြင့် ညီနောင်သုံးဖွဲ့အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒကို သွေဖည်သော လုပ်ရပ်မျိုး မည်သည့်အခါမှ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဆန္ဒကို ပြည့်ဝစေရန် အကောင်းဆုံး ကြိုးပမ်းသွားမည်ဟု  မကြာခဏ ထုန်ပြန်ကြေညာခဲ့သည်။

 

ယမန်နေ့ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီကို လျှော့မတွက်ရန်နှင့် မြူဆွယ်မှုများကိုသတိထားကြရန် အထူးလိုအပ်ကြောင်း အသိပေးထားသည့်အပြင် ၎င်းတို့၏ စစ်ရေးမျှော်မှန်းချက်များကို အပြည့်အဝရယူရင်း ပြည်သူလူထုတစ်ရပ်လုံး လိုလားနေသော ဆန္ဒကိုပါ တစ်ပါတည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဓာတ်ပုံ – pro-SCA

Related News

Depend on news