Parasite ဇာတ်ကား မင်းသား ကားအတွင်း သေဆုံးလျက်တွေ့ရှိ

Author အဂ္ဂ
Categories
Published on Dec 27, 2023

အော်စကာဆုရ Parasite အမည်ရှိ တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကားထဲက အဓိက သရုပ်ဆောင် Lee Sun-Kyun (လီဆန်ကျွန်း)ကို ယနေ့(ဒီဇင်ဘာ ၂၇ ရက်)နံနက်ပိုင်းတွင် ၎င်း၏ကားအတွင်း သေဆုံးလျက်တွေ့ရှိရကြောင်း The Korean Times သတင်းဌာန ဖော်ပြချက်အရ သိရသည်။

 

၎င်းသည် မူးယစ်ဆေးဝါးသုံးစွဲခဲ့သည်ဟု သံသယရှိမှုနှင့်ပတ်သက်ပြီး ရဲများ၏ စုံစမ်းစစ်ဆေးမှုများ ရင်ဆိုင်နေရစဉ်အတွင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

 

ဆိုးလ်မြို့လယ်ရှိ ပန်းခြံတစ်ခုအတွင်း ယနေ့ တောင်ကိုရီးယားစံတော်ချိန် နံနက်(၁၀)နာရီခွဲခန့် (မြန်မာစံတော်ချိန်  ၈ နာရီ ဝန်းကျင်)ခန့်တွင် အသက် (၄၀) အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ကားအတွင်း သတိလစ်မေ့မြောနေသည်ကို တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းအမျိုးသားသည် တောင်ကိုရီးယား သရုပ်ဆောင် လီ ဖြစ်ကြောင်း ရဲများက အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ ကားအတွင်းရှိ ခရီးသည်ထိုင်ခုံပေါ်တွင် မီးသွေးတုံးတစ်တုံးကိုလည်း တွေ့ခဲ့ရသည်ဟု ဒေသတွင်း သတင်းဌာနများက ဖော်ပြကြသည်။ 

 

အသက် (၄၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဆန်ကျွန်းသည် မိမိကိုယ်ကိုအဆုံးစီရင်သူများလုပ်လေ့ရှိသည့် မှတ်စုကဲ့သို့ မှတ်စုတိုတစ်စောင်ရေးသားခဲ့ပြီးနောက် ကားနှင့်ထွက်သွားခဲ့သည်ဟူသည့် အစီရင်ခံစာတစ်ခုကိုလည်း ရဲများက လက်ခံရရှိခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားမင်းသား သေတမ်းစာရေးပြီး ကားဖြင့် ထွက်သွားပြီးနောက် ၎င်းအမျိုးသမီးက ရဲဌာနကိုတိုင်ကြားခဲ့သည့်အတွက် လိုက်လံရှာဖွေရာမှ ပန်းခြံထဲက ၎င်း၏ကားအတွင်း တွေ့ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

 

“သူ့ကို တွေ့တော့ သေဆုံးလျက်သားဖြစ်နေပြီမလို့ ဆေးရုံကိုတော့ ခေါ်မသွားခဲ့ပါဘူး” ဟု မီးသတ်အရာရှိ တစ်ဦးက ပြောသည်။

 

ဆိုးလ်မြို့ ဂန်းနမ်ရပ်ကွက်က အဆင့်မြှင့်ဘားတစ်ခုတွင် အလုပ်လုပ်သည့် နိုက်ကလပ်မယ်တစ်ဦး၏အိမ်တွင် ပြီးခဲ့သည့် စနေနေ့အပါအဝင် ယခုနှစ်အစောပိုင်းရက်များတွင် ဆေးခြောက်နှင့် အခြားတရားမဝင်မူးယစ်ဆေးဝါးများ သုံးစွဲခဲ့သည်ဆိုသည့် သံသယရှိမှုနှင့် လီသည် ရဲများ၏ စစ်မေးမှု သုံးကြိမ်ရင်ဆိုင်ခဲ့ရသည်။

 

လီ ကမူ  နိုက်ကလပ်မယ်က သူ့ကို မူးယစ်ဆေးဝါးသုံးစွဲရန် လှည့်စားခဲ့ခြင်းသာဖြစ်ပြီး ၎င်းအနေဖြင့် မည်သည့်အရာများသောက်သုံးခဲ့သည်ကို မသိခဲ့ကြောင်း ငြင်းဆိုထားသည်။

 

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအတွင်း ဓာတ်ခွဲစမ်းသပ်မှုနှင့် ပြီးခဲ့တည့် နိုဝင်ဘာလအတွင်း စစ်ဆေးခဲ့သည့် တောင်ကိုရီးယား အမျိုးသားမှုခင်းဆေးပညာဌာန၏ ဓာတ်ခွဲခန်း ရလဒ်များတွင် လီ၏ ရလဒ်များသည် မူးယစ်ဆေးမသုံးထားသည့်ရလဒ်ဖြစ်သော Negative သာ ပြခဲ့သည်။

 

ပြီးခဲ့တဲ့ရက်တုန်းကလည်း လီသည် ၎င်းကို စုံစမ်းစစ်ဆေးရန် စွဲချက်တင်ထားသည့် အင်ချွန်းမြို့တော်ရဲဌာနကို အပြစ်မရှိကြောင်း ပြသရန် မှုသားဖော်စက်(Polygraph)ဖြင့် စစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုလွှာ တင်သွင်းခဲ့သည်။

 

လီ အဓိကပါဝင်သရုပ်ဆောင်ထားသည့် Parasite ရုပ်ရှင်ဇာတ်ကားသည် ၂၀၂၀ ခုနှစ်ကကျင်းပခဲ့သည့် ၉၂ ကြိမ်‌မြောက် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ကားဆုအပါအဝင် အော်စကာဆု လေးဆုအထိ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းတွင် ထင်ရှားကျော်ကြားလာသူဖြစ်သည်။