“ကိုယ်တိုက်မှ ကိုယ်ရမည်”၊ “ရန်သူ့လက်နက် ကိုယ့်လက်နက်” ဟူသောစိတ်ဖြင့် နီးစပ်ရာ စစ်ကောင်စီတပ်ကို ဝင်တိုက်ရန် ညီနောင်သုံးဖွဲ့တိုက်တွန်း

Author အဂ္ဂ
Categories
Published on Dec 26, 2023

ညီ‌နောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း(၆၀)အတွင်း များစွာအထိနာနေသည့် စစ်ကောင်စီ၏ ရှုံးနိမ့်မှုများကို အခွင့်ကောင်းယူကာ တော်လှန်ရေးအင်အားစုများအနေဖြင့် “ကိုယ်တိုက်မှ ကိုယ်ရမည်”၊ “ရန်သူ့လက်နက် ကိုယ့်လက်နက်” ဟူသောစိတ်ဖြင့် နီးစပ်ရာ စစ်ကောင်စီတပ်ကို အမြန်ဆုံးဝင်တိုက်ခြင်းသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ အလိုလားဆုံးသောဆန္ဒကို ဖြည့်ဆည်းသည်နှင့်တူသည်ဟု ညီနောင်သုံးဖွဲ့က တိုက်တွန်းပြောဆိုလိုက်သည်။

 

အောက်တိုဘာ (၂၇)ရက်နေ့က အစပြုခဲ့သည့် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် မျှော်မှန်းထားသည်ထက် ရလဒ်ကောင်းများရခဲ့ပြီး စစ်ကောင်စီတပ်၏ ရှုံးနိမ့်မှုကိုအခွင့်ကောင်းအဖြစ်ယူကာ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီညီလိုက်ပါ တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးအဖွဲ့အစည်းအချို့သည် စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများကို အသီးသီးဆင်နွှဲနိုင်ခဲ့ကြသည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့(ဒီဇင်ဘာ ၂၅ရက်)ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဒေသများဖြစ်သည့် ရှမ်းပြည်(မြောက်ပိုင်း)တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး တအာင်းစစ်ဒေသရှိ နမ္မတူ၊ သိန္နီနှင့် လားရှိုးမြို့နယ်တို့ရှိ နေရာအချို့တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းမှ စစ်ကူနှင့် အင်အားဖြည့်တင်းခြင်းများအပြင် စစ်‌ရေးပစ်မှတ်များ မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အရပ်သား နှစ်ဦးသေဆုံးကာ နေအိမ်တစ်လုံး မီးလောက်ပျက်စီးခဲ့သည်ဟု သိရသည်။

 

အလားတူ ရက္ခိုင့်တပ်တော်(AA)၏ အခြေစိုက်လှုပ်ရှားရာ ဒေသဖြစ်သည့် ရက္ခိုင်ပြည်တွင်လည်း မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်များသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများအပြင် သာသနိကအဆောက်အဦများနှင့် နေအိမ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ ပြတိုက်အတွင်းရှိ ပြခန်းထိခိုက်ပျက်စီးကာ သမိုင်းဝင်ရှေးဟောင်းပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် အရပ်သား နှစ်ဦးသေဆုံးကာ ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဘူးသီးတောင်မြို့နယ်၊ အာကာပြင်ကျေးရွာရှိ တက္ကသိုလ်ကျောင်းသူနှစ်ဦးမှာလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်အတွင်း ဆက်လက်ဖော်ပြထားသည်။

စစ်ရေးတွင် အထိနာကာ အရပ်သားများကိုသာ ပိုမိုပစ်မှတ်ထားလာသည့် စစ်ကောင်စီတပ်ကို ဘုံရန်သူအဖြစ် တိုက်ခိုက်နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းများသည် စစ်ဆင်ရေးကို တစ်ဆင့်ပြိုင်တူ မြှင့်တင်သွားနိုင်ရန်လိုအပ်ကြောင်း ညီနောင်သုံးဖွဲ့က ဆိုထားသည်။

 

လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေးမှအစပြုခဲ့သည့် “တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ဆင်ရေးကြီး” သည် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးတို့ကြားတွင် “ဟန်ချက်ညီ စစ်ဆင်ရေးကြီး” အဖြစ်မြင်တွေ့လာရပြီဖြစ်ပြီး စစ်ကောင်စီကိုတော်လှန်နေကြသည့် အဖွဲ့တိုင်းသည်လည်း တော်လှန်ရေးအရှိန်ကို ယခုထက် အရှိန်အဟုန်ဆက်လက်မြှင့်တင်၍ ဆက်လက်လုပ်ဆောင်သွားကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့မှ တိုက်တွန်းထားသည်။