စစ်မြေပြင်တွင် မယှဉ်နိုင်သည့် စစ်ကောင်စီသည် အရပ်သားများကို လက်နက်အားကိုးဖြင့် ဦးတည်တိုက်ခိုက်နေဟု ညီနောင်သုံးဖွဲ့ဆို

Author အဂ္ဂ
Categories
Published on Dec 25, 2023

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း အထိနာနေသည့် စစ်ကောင်စီတပ်သည် စစ်မြေပြင်တွင် လက်နက်ချင်း၊ လက်ရုံးချင်း မယှဉ်နိုင်ဘဲ လက်နက်မဲ့ အရပ်သားများကို ဦးတည်တိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။

 

စစ်ကောင်စီသည် စိတ်ဓာတ်ပျက်စီးယိုယွင်းကာ တိုက်ရည်ခိုက်ရည်ကျဆင်းလျက်ရှိပြီး စစ်မြေပြင်တွင် လက်နက်ကိုင်အချင်းချင်း မည်သည့်နေရာတွင်မှ ယှဉ်နိုင်ခြင်းမရှိတော့ကြောင်း ညီနောင်အဖွဲ့က ဆိုသည်။

 

ထို့ကြောင့် နိုင်ငံတဝှမ်းစစ်မြေပြင်များတွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကို အလွန်အကျွံအသုံးပြုလျက်ရှိသည်။

 

တအာင်းတပ်မတော်(TNLA)၏ ရှမ်းမြောက် မန်တုံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီသည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ (၂၆၀) ကျော်၊ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း တစ်ထောင်ကျော်နှင့် လက်နက်ကြီးဖြင့် အကြိမ် (၁၃၀)ကျော် စံချိန်တင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ရေးပတ်မှတ်များ မဟုတ်သည့် အရပ်သားပြည်သူနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးခဲ့ပြီး အခြားနေအိမ်တစ်လုံးမှာ မီးလောက်ပျက်စီးကာ အရပ်သားပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

 

ထို့ပြင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ရေးပြင်းထန်နေသည့် ရက္ခိုင်ပြည်တွင်လည်း ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်က မြောက်ဦးမြို့ရှိ ငွေတောင်ပေါက်စခန်း၊ သူတော်မတောင်စခန်း၊ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ (၅၄၀)၊ ခမရ (၃၇၇)တို့မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း (၁၀ဝ) ကျော် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်မှုများအတွင်း အရပ်သားပြည်သူ သုံးဦး သေဆုံးသကဲ့သို့ ငါးဦးထိခိုက်ဒဏ်ရာရခဲ့သည့်အတွင်း အသက်(၅)နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ဘယ်ဘက်လက်ပြတ်သည်အထိ ဒဏ်ရာပြင်းထန်ခဲ့ပြီး အသက်(၁၄) နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

 

ထို့ပြင် အဆိုပါလက်နက်ကြီးများကြောင့် မြောက်ဦးမြို့ရှိ အရပ်သားပြည်သူများ၏ နေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြောက်ဦးမြို့ရှိ ခမရ (၃၇၇) တပ်ရင်းမှ တပ်ဖွဲ့ဝင်(၇၀)ကျော်သည် ယမန်နေ့ နေ့လယ် (၁)နာရီခွဲခန့်တွင် မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ကုလားကန်တောင်ပိုင်းအတွင်းသို့ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ပြီး ဒေသခံ ခြောက်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသကဲ့သို့ နေ့လယ် (၃) နာရီ (၁၀) မိနစ်ဝန်းကျင်တွင်လည်း ဗန္ဓုလရပ်ကွက်အတွင်း လက်နက်များပစ်ဖောက်ဝင်ရောက်လာကာ ဒေသခံ သုံးဦးကို ထပ်မံဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

 

အလားတူ အခြားမြို့နယ်များဖြစ်သည့် ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်များက အရပ်သားပြည်သူများ၏ လက်ဝတ်ရတနာများ၊ အခြေခံစားသောက်ကုန်ရိက္ခာများကို ဝင်ရောက်လုယက်ခဲ့ပြီး ဘူးသီးတောင်မြို့ ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။ ထို့ပြင် အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သေးသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကျေးရွာရှိ နေအိမ်နှစ်လုံးမှာ လက်နက်ကြီးစထိမှကာ ပျက်စီးခဲ့ရသည်ဟု သိရသည်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း နိုင်ငံအနှံ့အပြားတွင် မြို့ပေါင်း (၂၀)ကျော်နှင့် အခြေစိုက်စခန်း ကြီး၊ ငယ်ပေါင်း (၃၀ဝ) ဝန်းကျင် လက်လွှတ်ရသည်အထိ အထိနာနေသည့်စစ်ကောင်စီသည် ယခုနောက်ပိုင်းတွင် အရပ်သား ပြည်သူများနှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများကို ပိုမိုပစ်မှတ်ထားကာ တိုက်ခိုက်ခြင်များပြုလုပ်လျက်လည်းရှိသည်။

 

ညီနောင်သုံးဖွဲ့သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်စခန်း အချို့တွင်လည်း အရပ်သားများနေထိုင်ရာ ကျေးရွာများကို ဦးတည်ပစ်မှတ်ထားကာ ပြသထားသည့် အကွာအဝေးပြ ဆိုင်းဘုတ်များကိုပါ တွေ့ရသည်ဟု ညီနောင်သုံးဖွဲ့က ပုံနှင့်တကွ ထုတ်ပြန်ထားသေးသည်။