အလဲထိုးနိုင်ပွဲဖြင့် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ထိုင်းဘုရင့်ဖလား၏ (၂)နှစ်ဆက် ချန်ပီယံဖြစ်လာ

Author လင်းနွေဦး
Categories
Published on Dec 25, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင် ဒီဇင်ဘာ ၂၄ ရက် တနင်္ဂနွေနေ့ ညပိုင်းက ကျင်းပခဲ့သော ထိုင်းဘုရင့်ဖလား ဗိုလ်လုပွဲတွင် ထိုင်းလက်ဝှေ့မယ်အား အနိုင်ယူကာ ကယန်း လက်ဝှေ့မယ် ဘရော်နီကာမှာ (၂) နှစ် ဆက်တိုက်ချန်ပီယံ ဖြစ်လာခဲ့သည်။

 

ကီလို(၅၄)တန်း အမျိုးသမီး ဗိုလ်လုပွဲစဉ်ကို  အယုဒ္ဓယမြို့တွင် ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ၏ နာမည်ကြီးမွေထိုင်း ဖိုက်တာ ဖရာဆင်း နှင့် ကယန်းဖိုက်တာ ဘရော်နီကာတို့ ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်ကာ ဘရော်နီကာ၏ ယမန်နှစ်က ရရှိထားသောချန်ပီယံဘွဲ့အား ကာကွယ်ရသော ပွဲစဉ် တစ်ပွဲလည်း ဖြစ်ခဲ့သည်။

 

ပြိုင်ပွဲစတင်ချိန်မှာပင် ပြိုင်ဘက် ဖရာဆင်းမှ ဘယ်ညာ တွဲလုံးများ ပစ်သွင်းခဲ့ပြီး ခြေကန်ချက်များဖြင့် တိုက်စစ်ဆင်ခဲ့ကာ ဘရော်နီကာ မှ ရှောင်တိမ်းနိုင်ခဲ့သည့် အတွက် ဖရာဆင်း၏ အားပါသော ဘယ်လက်သီးတစ်လုံးမှာ ဘရော်နီကာ၏ မေးရိုးအောက်နေရာအား ချော်ထိရုံသာ ထိခဲ့သည်။

 

ဘရော်နီကာမှ ပွဲအခြေအနေအား သုံးသပ်ကာ ပူးကပ်ထိုးသတ်နည်းစနစ်အား မသုံးတော့ဘဲ အလုံးအထည် ကွာမှု ခြေတံလက်တံရှည်မှု တို့အား ကျွမ်းကျင်စွာ အသုံးချကာ ထောက်လက်သီး များ၊ ထောက်ခြေကန်ချက် တို့အား သုံးကာ မိနစ်ပိုင်းအတွင်း ပွဲအား ထိန်းနိုင်ခဲ့သည်။

 

ဘရော်နီကာ၏ အားပါလာသော ဘယ်ခြေ၏ ထောက်ကန်ချက်မှာ ဖရာဆင်း၏ မေးရိုးအားထိမှန်ခဲ့ပြီး လဲကျခဲ့ကာ အမှတ်စဉ် ရေတွက်ခံခဲ့ရပြီး ၈ စက္ကန့် မြောက်တွင် ဒိုင်မှ ပွဲပြန်တည်ပေးခဲ့မှုကြောင့် ဆက်လက် ထိုးသတ်မှု ပြန်လည်စတင်ခဲ့သည်။

 

ပွဲပြန်တည်ပြီး စက္ကန့်ပိုင်း အတွင်းပင် ဘရော်နီကာမှ လျှင်မြန်သော ဘယ်ညာ ဝိုက်လက်သီးများ၊ တံတောင်ရိုက်ချက်များ ၊ ခြေကန်ချက်များ ကြောင့် ဖရာဆင်းမှာ ကြိုးတန်းသို့ ကပ်သွားခဲ့ရပြီး ထပ်မံ၍ ဘရော်နီကာမှ  အားပါသောထိုးနှက်ချက်များ ဖြင့် လိုက်လံထိုးသတ်မှုကြောင့် ဒိုင်မှ ပွဲရပ်ကာ ဘရော်နီကာအား ပထမအချီ ၁မိနစ် ၁၄ စက္ကန့် မှာပင် အနိုင်ပေးခဲ့သည်။

 

ယခုနိုင်ပွဲသည် ချန်ပီယံဘွဲ့အား ကာကွယ်နိုင်ခဲ့ရုံမက အလဲထိုးနိုင်ပွဲဖြင့် (၂)နှစ် ဆက်ချန်ပီယံဟူသည့် ဂုဏ်ပုဒ်အား ဘရော်နီကာလွှမ်းခြုံနိုင်ခဲ့ပြီး မွေထိုင်းထိုးသတ်မှု (၁၆)ပွဲဆက်တိုက် ရှုံးပွဲမရှိသည့် မှတ်တမ်းလည်း ထပ်မံရရှိခဲ့သည်။

 

မူလက မြန်မာ့ရိုးရာလက်ဝှေ့မယ်တစ်ဦး ဖြစ်သော ဘရော်နီကာ မှာ ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းမှု အစောပိုင်းတွင် မွေထိုင်းဘက်သို့ ကူးပြောင်းလေ့ကျင့်ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ပထမဆုံး ထိုးသတ်သည့်ပွဲစဉ်အား ရှုံးနိမ့်ပြီးနောက်ပိုင်း ပွဲစဉ်များအား ရှုံးပွဲမရှိ ထိုးသတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။