လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီအား စတင်ဖွဲ့စည်း၊ စစ်ကောင်စီ လက်အောက်ရှိ မီဒီယာကောင်စီသည် မြန်မာသတင်းမီဒီယာ အခန်းကဏ္ဍအား ကိုယ်စားမပြုကြောင်း ကြေညာ

Author အဂ္ဂ
Categories
Published on Dec 23, 2023

ထိုင်းနိုင်ငံ တစ်နေရာတွင် ဒီဇင်ဘာ ၂၀ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက်အထိ တိုင်းရင်းသားမီဒီယာများ၊ လွတ်လပ်သည့် သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းတာဝန်အား ထမ်းဆောင်နေကြသည့် လူပုဂ္ဂိုလ်များ  ပူးပေါင်းကာ ညီလာခံကျင်းပခဲ့ပြီးနောက် ယမန်နေ့ (ဒီဇင်ဘာ ၂၂ရက်) တွင် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ Independent Press Council Myanmar -IPCM ကို ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

 

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်းနိုင်‌ရေး ဒုတိယအကြိမ်ညီလာခံကို ပြည်တွင်း ၊ပြည်ပရှိ လွတ်လပ်သောသတင်းမီဒီယာ (၃၈) ဖွဲ့နှင့် တစ်သီးပုဂ္ဂလ သတင်းမီဒီယာသမားများအပါအဝင် စုစုပေါင်း (၇၇) ဦး တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။

 

“အခုဖွဲ့လိုက်တဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီအနေနဲ့ကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်တာတွေပေါ့နော်၊ ပြီးလို့ရှိရင် သတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ် ရရှိဖို့အတွက်ကိုလည်း လုပ်ဆောင်သွားမယ်” ဟု IPCM ဥက္ကဋ္ဌ နန်းဖောဂေ့က CJ Platform သို့ ပြောသည်။

 

ထို့အပြင် ယခုလက်ရှိအချိန်တွင် မီဒီယာမူပိုင်ခွင့်၊ သတင်းမူပိုင်ခွင့်များနှင့် သတင်းများ ကူးယူဖော်ပြခြင်းများ မရှိရအောင် ထိန်းညှိသည့်အနေနဲ့ တိုင်ကြားမှုယန္တရားကိုပါ  လုပ်ဆောင်သွားရန်ရှိကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီး ၊တရားစွဲ ၊ထောင်ချ၊ သတ်ဖြတ်ခံရသည့် သတင်းသမားများကိုလည်း စနစ်တကျ မှတ်တမ်းပြုစုထားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာသတင်းမီဒီယာများနှင့် ချိတ်ဆက်ကာ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များနှင့် ပတ်သက်သည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ကောင်စီအနေဖြင့် အကြမ်းဖျဉ်း ဆွေးနွေးထားချက်များရှိကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

 

ညီလာခံတွင် သတင်းမီဒီယာကောင်စီ၏ အမှုဆောင်ကော်မတီဝင်များအဖြစ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများ အပါအဝင် ကောင်စီအဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့သည်ဟုလည်း ဖော်ပြထားသည်။

 

“ကျွန်မတို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊သတင်းသမားတွေ၊ အလွတ်တန်းသတင်းသမားတွေကို ပေါ့နော်၊ သတင်းဖလှယ်ပေးနေတဲ့ သတင်းအရင်းအမြစ်တွေကိုတောင်မှ စစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချ နေမှုတွေကို မီဒီယာကောင်စီ(စစ်ကောင်စီ၏ မီဒီယာကောင်စီ) က ဘာမှကာကွယ်ပေးနိုင်တာ မရှိဘူးလေ၊ အဲ့အတွက်ကြောင့် မို့လည်း ကျွန်မတို့က နောက်တစ်ခုကလည်း ဒီလိုမျိုးလုပ်နေတဲ့သူတွေကို အကာအကွယ်မပေးနိုင်ဘူး ဆိုမှတော့လည်း ဒါက လွတ်လပ်တဲ့ သတင်းသမားတွေ၊ သတင်းဌာနတွေရဲ့ ကိုယ်စားပြုမှု မဟုတ်ဘူး ပေါ့လေ၊ အဲ့လိုမျိုးပဲ ပြောချင်ပါတယ်။” ဟု  နန်းဖောဂေ့က စစ်ကောင်စီလက်အောက်ရှိ မီဒီယာကောင်စီနှင့် ပတ်သက်၍ မှတ်ချက် ပြုသည်။

 

IPCM ၏ ထုတ်ပြန်ချက်တွင်လည်း “ဒီမိုကရေစီနည်းကျ ဖွဲ့စည်းလိုက်သည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီသည် လွတ်လပ်သော သတင်းမီဒီယာများ၊ တိုင်းရင်းသားမီဒီယာများ၊ ဒေသအခြေပြုမီဒီယာများကို ကိုယ်စားပြုကာ ဖွဲ့စည်းထား သော တရားဝင် သတင်းမီဒီယာကောင်စီဖြစ်ကြောင်း ညီလာခံတက်ရောက်ကြသူများက သဘောတူဆုံးဖြတ် ခဲ့ကြသည်” ဟု ရေးသားဖော်ပြထားသည်။

 

ထို့အပြင် စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားသော သတင်းမီဒီယာသမားများအား ချွင်းချက်မရှိ လွှတ်ပေးရန် ညီလာခံတက်ရောက်သူများက တောင်းဆိုလိုက်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

 

ဓာတ်ပုံ – AFP

 

ပုံစာညွှန်း – စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် စစ်ကောင်စီမှ သတင်းထောက်များကိုပါ ပစ်ခတ်မှုကြောင့် တိမ်းရှောင်ရင်း သတင်းဓါတ်ပုံရယူနေသည့် သတင်းထောက်တစ်ဦးအား မြင်ရပုံ (ပုံအဟောင်း)