စစ်ကိုင်းရှိ အမြဲတမ်းစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ရှားပါးလာသည့်အတွက် တောင်ယာများ စိုက်ပျိုးကာ ဝမ်းရေးဖြေရှင်းနေရ

Author လင်းနွေဦး
Categories
Published on Dec 16, 2023

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂၂)မြို့နယ်မှ အမြဲတမ်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်များတွင် စားနပ်ရိက္ခာများ ရှားပါးလာသည့်အတွက် တောင်ယာများ လုပ်ကိုင်ကာ ဝမ်းရေးဖြေရှင်းနေရကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏ ပြန်ကြားရေးတာဝန်ခံမှ CJ Platform သို့ပြောသည်။

 

စစ်ကိုင်းပြည်သူဖေးမကူ ကွန်ယက်မှ ကောက်ယူရရှိထားသော စာရင်းများအရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ (၂၂)မြို့နယ် မှ စစ်​ရှောင်ပြည်သူများအနက်မှ အမြဲတမ်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် ဦးရေမှာ (၁၃,၄၀၀၀)ခန့် ရှိပြီး အဖွဲ့ငယ် (၃၀)ဝန်းကျင်ဖြင့် ဖြန့်ကျက်ကာ ကူညီနေကြောင်း ပြန်ကြားရေးတာဝန်ခံမှ ဆိုသည်။

“အမြဲတမ်းစစ်ဘေးရှောင်တွေဆိုတာ အိမ်တွေမီးရှို့ခံရလို့ ပြန်စရာမရှိတော့ဘဲ အများစုက တောထဲတောင်ထဲမှာ နေရတယ်။ တခြားမြို့​တွေ ရွာတွေမှာ သွားနေရတဲ့သူတွေလည်းရှိတယ်။ တောထဲတောင်ထဲ နေတဲ့သူတွေကတော့ စားသောက်ရေးအတွက် တောင်ယာတွေမှာပဲ အားလုံးစားဖို့ စိုက်ပျိုးရေးတွေ လုပ်ကြရတယ်။ စားသောက်ရေးက အဓိကကျတာပေါ့ဗျာ ပြီးမှ နေရေးထိုင်ရေး ကျန်းမာရေး အမျိုးမျိုးလာတာပေါ့” ဟု စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

 

စစ်ကိုင်းတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှုများ မြင့်တက်လာမှုနှင့်အတူ စစ်ရှောင်အရေအတွက်များလည်း တိုးလာခြင်း၊စစ်ရှောင်အကြိမ်ရေ များပြားလာခြင်းတို့ကြောင့် ကူညီပေးနေသည့် အဖွဲ့များတွင်လည်း အခက်အခဲများ ရှိလာကြောင်း ၊မိဘပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပံ့ပိုးကူညီနိုင်ရန် ပန်ကြားလိုကြောင်း ယင်းတာဝန်ခံမှ ဆက်လက် ပြောသည်။

 

ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင် အရေအတွက်သည် မြို့နယ်ပေါင်း (၃၄)မြို့နယ် ရှိသည့်အနက် (၂၂)မြို့နယ်မှ အမြဲတမ်းစစ်ဘေးရှောင် အရေအတွက် (၁၃၄,၀၀၀)ကျော် နှင့် ယာယီစစ်ဘေးရှောင် (၄၆၉,၈၀၀)ခန့် ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ခြောက်သိန်း ကျော်ခန့် ရှိနေကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ ကောက်ယူရရှိထားသော စာရင်းများအရ သိရသည်။