ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်သားများအား ဗုံးသီးချ တိုက်ခိုက် ရဲ တစ်ဦးသေဆုံး ၊ ငါးဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Dec 16, 2023

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်သားများကို မစ်ရှင်နှစ်ရပ် ဖော်ဆောင်ခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေး၀န်ခံက CJ Platform သို့ပြောသည်။

 

ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်တွင်  ရွှေဘိုမြို့နယ် အမှတ်(၁) မြို့မရဲစခန်းအား ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ကာ ၊  ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  နာရေးကား နှစ်စီးဖြင့် သယ်ဆောင်ပြီး ရွှေဘိုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

အလားတူပင် ည ၇ နာရီနောက်ပိုင်းတွင် ပြည်သူများအား ပေါ်တာဆွဲခြင်း၊  ဖမ်းဆီး အနိုင်ကျင့်လျက်ရှိသော  မြို့တောင်ဖက်မုဒ်တွင် တပ်ဆွဲထားသော စစ်ကောင်စီတပ်သားများအား  ဗုံးသီး နှစ်လုံးချ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

” မြို့တောင်ဘက်မုဒ်မှာ ပေါက်ကွဲသံတွေ ကြားရတယ်ဗျ။ ဒီနေ့မနက် ၈ နာရီ၀န်းကျင်လောက် ပေါက်ကွဲသံတေ ၂ ချက်တောင် ကြားတယ်  ” ဟု မြို့ခံတစ်ဦးက CJ Platform ထံ ဆက်သွယ်ပြောသည်။

 

ယင်းတိုက်ခိုက်မှုများကို ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UGတပ်ဖွဲ့ ၊ရွှေဘိုမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ ၊ မဟာမိတ်ဖြစ်သော နယ်စီးမခြား ဗိုလ်ပျံလွှား (ဝလ) ကျားညီနောင် အဖွဲ့ ၊ Black Silencer Defence Force ၊ BFDF ၊ War Lord Defence Force ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ) ပူးပေါင်း Mission ဖော်ဆောင်ခဲ့ကြကြောင်း သိရသည်။