အစ္စရေး-ဟားမစ် စစ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ သေဆုံးမှု ၁၀ ဆကျော် မြင့်တက်လာ

Author လင်းနွေဦး
Categories
Published on Dec 08, 2023

အမေရိကန်ပြည်ထောင်စု၏ အတွင်းရေးမှူး အန်တိုနီ ဘလင်ကန်မှ အစ္စရေး-ဟားမစ် စစ်ပွဲအတွင်း အစ္စရေးဘက်မှ လက်ရှိ ဂါဇာဒေသတွင် စစ်ရေးဖော်ဆောင်မှုများကြောင့် ပါလက်စတိုင်းပြည်သူများ သေဆုံးမှုနှုန်း မြင့်တက်လာသည်ကို လျှော့ချရန် အစ္စရေးအား သတိပေးတိုက်တွန်းခဲ့ကြောင်း BBC Media မှ ဖော်ပြသည်။

 

“အစ္စရေးအနေနဲ့ အရပ်သားပြည်သူတွေကို အထူးကာကွယ်ဖို့ ကိစ္စရပ်ဟာ အရေးကြီးတဲ့ ကိစ္စရပ်အဖြစ် ကျန်ရှိနေပါသေးတယ်။ အစ္စရေးရဲ့ စစ်ရေးဖြန့်ကျက်လုပ်ဆောင်မှုနဲ့ ပြည်သူတွေ ကာကွယ်ရေး အာရုံစိုက်မှုမှာ ကွာဟချက်ရှိနေပါတယ်”ဟု အန်တိုနီ ဘလင်ကန်မှ ပါလက်စတိုင်းပြည်သူ သေဆုံးမှုနှုန်းနှင့် ပတ်သတ်၍ BBC သို့ ပြောကြားသည်။

 

လက်ရှိတွင် အစ္စရေး၏ ဂါဇာဒေသအတွင်း စစ်ရေးဖော်ဆောင်မှုများကြောင့် ပါလက်စတိုင်းပြည်သူများ သေဆုံးရသည့် အရေအတွက် (၁၇,၁၇၇)ဦး သည် ဟားမစ် စစ်အုပ်စု မှ  အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေးဘက်သို့ စတင်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အစ္စရေးပြည်သူ(၁၄၀၀)ကျော်နှင့် နှိုင်းယှဉ်ပါက ၁၀ ဆကျော်အထိ ကွာဟလာပြီ ဖြစ်သည်။

 

အစ္စရေး ဝန်ကြီးချုပ်ကိုယ်တိုင်မှလည်း “ အစ္စရေးဟာ သူတိုရဲ့ ရည်မှန်းချက်ကို အရယူမယ်”ဟု ဆိုထားပြီး စစ်ပွဲစတင်ချိန်၌ ဂါဇာမြောက်ပိုင်းရှိ ပြည်သူများအား တောင်ပိုင်းသို့ ပြောင်းရွေ့ခိုင်းကာ ယခုအခါ မြောက်ပိုင်းအား ရှင်းလင်းရေးများ လုပ်ဆောင်ပြီးနောက် ဂါဇာတောင်ပိုင်း၌ပါ စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

 

အရေးပါသော West Bank ဒေသကဲ့သို့ နေရာများကိုလည်း သိမ်းပိုက်ထားနိုင်ပြီး ဟားမစ်အုပ်စုများ ရှိနေနိုင်သည့် မြေအောက်လှိုင်ခေါင်းများအား ဂါဇာမြို့ထဲတွင်ပါ ရှာဖွေ ရှင်းလင်းရေးများ လုပ်ဆောင်နေသကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများလည်း အဆက်မပြတ် ပြုလုပ်နေကာ စစ်ရှောင်စခန်းများကိုပါ စီးနင်းတိုက်ခိုက်ခြင်းများ ပြုလုပ်လာနေခဲ့ခြင်းလည်း ဖြစ်သည်။

 

ပြီးခဲ့သည့် အောက်တိုဘာ (၂၄)ရက်နေ့၌ ကာတာနိုင်ငံ၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် ကနဦး လေးရက်တာ ကာလမှ တစ်ပတ်တာ ကာလအထိ တိုးမြှင့်ကာ အစ္စရေးနှင့် ဟားမစ် နှစ်ဘက် ပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့သော်လည်း ခေတ္တသာ ကြာမြင့်ခဲ့သည်။

 

အပစ်အခတ် ရပ်စဲရေးမှ အကျိုးရလဒ်အဖြစ် ဟားမစ်စစ်အုပ်စုဘက်မှ ဖမ်းဆီးထားသော အစ္စရေး ဓားစာခံ(၁၀၀)ကျော်အား လွှတ်ပေးခဲ့ကာ အစ္စရေးဘက်မှလည်း ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသား (၂၄၀) ကျော်အား လွှတ်ပေးခဲ့ပြီး နိုင်ငံတကာမှ ကူညီသော လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များလည်း ဂါဇာဒေသတွင်းသို့ ပို့ဆောင်နိုင်ခဲ့သည်။

 

စစ်ပွဲပြန်စပြီး မကြာမီပင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ပြည်သူ (၁၀၀)ကျော် ထပ်မံသေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ခဲ့ပြီးနောက် အစ္စရေးဘက်မှ ဂါဇာတောင်ပိုင်းရှိ ပြည်သူများအား ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် လေယာဉ်များဖြင့် သတိပေးစာများ ကြဲချခဲ့သည်။

 

ယခုလက်ရှိတွင် ဂါဇာတောင်ပိုင်းရှိ ပါလက်စတိုင်းပြည်သူ သောင်းချီမှာ အစ္စရေး၏ စစ်ရေးဖော်ဆောင်မှုများကြောင့် နေရပ်စွန့်ခွာကာ အီဂျစ်နိုင်ငံ နယ်စပ်အနီးရှိ Rafah(ရာဖာ)ဂိတ်နား သို့ ထွက်ပြေးနေရပြီး ကူညီကယ်ဆယ်မှုများအား စောင့်မျှော်နေရလျက်ရှိကြောင်း BBC မှ ဖော်ပြသည်။

 

အောက်တိုဘာ(၇) ရက်နေ့မှ စတင်သော အစ္စရေး-ဟားမစ် စစ်ပွဲအတွင်း ဟားမစ်စစ်အုပ်စု လက်ချက်ဖြင့် အစ္စရေးပြည်သူ (၁၄၀၀)ကျော် သေဆုံးကာ (၁၀၀)ကျော်မှာ ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးခံထားရပြီး အစ္စရေး၏ ပြန်လည် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ (၁၇,၁၇၇)ဦး သေဆုံးခဲ့ရပြီး ၎င်းအနက်မှ (၇၀၀၀)ကျော်မှာ ကလေးသူငယ်များ ဖြစ်သည်။

 

ဓာတ်ပုံ – Mint