ရွှေဝါရောင်ကာလထက် ဆိုးတဲ့အခြေအနေကို ရောက်လာသည့် စက်သုံးဆီ ပြတ်လပ်မှု

Author အဂ္ဂ
Categories
Published on Dec 05, 2023

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို စတင်စေခဲ့သည့် စက်သုံးဆီအကြပ်အတည်းထက် ဆိုးရွားသည့် အခြေအနေကို မြန်မာပြည်သူ၊ ပြည်သားများ ခံစားနေရပါပြီ။

 

ကုန်သွယ်ရေး၊ ကူးသန်းသွားလာရေးအတွက် အဓိကအရာဖြစ်သည့် စက်သုံးဆီ အဆမတန် မြင့်တက်ခြင်းထက် ပြတ်လပ်ခြင်းကြောင့် ပို၍ အကြပ်အတည်းစိုက်နေခြင်းပင်။

 

ယင်းမှာ စစ်တပ်က အာဏာသိမ်းပြီးသည်နှင့် မြန်မာပြည်သူ/ပြည်သားတို့ စက်သုံးဆီပြဿနာကို စကြုံခဲ့ရပြီးဖြစ်သည်။

 

ယခု အာဏာသိမ်း သုံးနှစ်ပြည့်ကာနီးအချိန်တွင် အကြပ်တည်းဆုံးအချိန်သို့ ရောက်လာနေပါပြီ။

 

စက်သုံးဆီစျေးတက်လျှင် ဘာဖြစ်မလဲ?

 

ဟုတ်သည်။ အားလုံးသိလိုသည့် မေးခွန်းဖြစ်သလို သိနှင့်ပြီးသူများလည်း ထုနှင့် ထေး ရှိနေနိုင်သည်။

 

ယေဘူယျအားဖြင့် ယာဉ်များလည်ပတ်ရေး၊ မောင်းနှင်နိုင်ရေးအတွက် စက်သုံးဆီက အဓိကဖြစ်သည်။ ယင်းမရှိလျှင် ရပ်ထားရပေမည်။

 

ထိုသို့ဆိုသော် လူတို့ နေ့စဉ်၊ လစဉ် စားသောက်၊ အသုံးပြုသည့် ကုန်ပစ္စည်းတို့ကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ထိုစားသောက်ကုန်၊ လူသုံးကုန်နှင့် ယာဉ်နှင့်ပတ်သက်သည့် အရာဝတ္ထုတိုင်း စျေးတက်ခြင်းကို ရင်ဆိုင်ရမည်။ ခြုံပြောသော် ကုန်စျေးနှုန်းတက်ပေမည်။

 

ထိုသို့စျေးတက်ပါက အခြေခံလူတန်းစားတို့မဝယ်ယူနိုင်လျှင် အကြပ်အတည်းစိုက်မည်။ ၎င်းတို့

အကြပ်တည်းစိုက်ပါက ဖြေရှင်းနည်းမှာ ခိုးမည်၊ လုမည်၊ ဓားပြတိုက်မည်ဖြစ်သည်။

 

ထိုမှတဆင့် နိုင်ငံ့အကြပ်အတည်းအဆင့်သို့ စိုက်ရောက်ရမည်မှာ ပြောစရာပင် မလို။ အားလုံးအသိ။

 

ယခုလက်ရှိ စီးပွားရေးမြို့တော် ရန်ကုန်ရှိ ဆီဆိုင်ကြီးများမှ စက်သုံးဆီ ဝယ်ယူရာတွင် ယခင်ရက်များကထက် ပိုမိုးဆိုးရွားလာပြီဟု ရန်ကုန်မြို့ရှိ စက်သုံးဆီ လက်လီရောင်းသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

 

“ ဆီဆိုင်အတော်များများမှာ ရိုးရိုးဒီဇယ်၊ ပရီမီယံ ဒီဇယ်တွေ မနေ့ကတည်းက ပြတ်ကုန်ပြီ။ 95 ပဲ တချို့ဆိုင်မှာ ရတော့တယ်။ 92 ပြတ်ကုန်တာတော့ ပိုများတယ်။ ညကတည်းက တော်တော်များများ ပတ်ဝယ်နေကြတယ်၊ ဒါပေမဲ့ လိုသလောက်မရတော့ဘူး” ဟု ရန်ကုန်မြို့ရှိ စက်သုံးဆီ လက်လီရောင်းသူ တစ်ဦးက CJ Platform သို့ ပြောသည်။

 

စက်သုံးဆီ ပြတ်လပ်မှုအကျပ်အတည်းနှင့် ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ “ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက် ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလံ ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလံ သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။ ပြီးရင် ထပ်မံရောက်ရှိလာမယ့် ဆီတင်သင်္ဘော ၁၅ စင်းနီးပါး ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီကို မည်သည့်စက်သုံးဆီ အမျိုးအစားမဆို ပြည်တွင်းမှာတစ်လစာ အရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျက်ရှိတယ်”ဟု နိုင်ငံပိုင် မီဒီယာမှ တဆင့် နိုဝင်ဘာ (၁၃) ရက်နေ့က ဖြေကြားထားသည်။

 

တကယ့်လက်တွေ့တွင်မူ စက်သုံးဆီဆိုင်အကြီးများတွင်ပင် စက်သုံးဆီများဝယ်ယူရနိုင်ရန်ခက်ခဲနေပြီး မန္တလေးတိုင်း မြစ်ငယ်မြို့တွင် ရှိသော စက်သုံးဆီလက်လီရောင်းသူတစ်ဦးကလည်း စက်သုံးဆီရနိင်ရန် ခက်ခဲသည့်အတွက် အခြားဆီဆိုင်မှနေ၍ ဆီတစ်ပေပါမျှယူကာ ရောင်းချနေရသည်ဟု CJ Platform သို့ ပြောသည်။

 

စက်သုံးဆီပြတ်လပ်မှုကို လက်လီဆိုင်များသာမက သွားလာရေးအတွက် စက်သုံးဆီသုံးစွဲနေရသူ ပြည်သူများအနေဖြင့်လည်း အလွယ်တကူဝယ်မရသဖြင့် တစ်ဆိုင်ပြီးတစ်ဆိုင်ပတ်ဝယ်နေရသည့် အခက်အခဲ ကြုံနေရကြောင်းသိရသည်။

 

ကားများအတွက် အသုံးပြုရန်မဆို ဆင်ခြေဖုန်းမြို့များရှိ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များ အတွက်ပင် ဆီလိုသလောက် မရတော့ကြောင်း ၎င်းတို့ထံမှ သိရသည်။

 

“ကျွန်တော့်ဘေးတွဲဆို (ကျပ်)ခုနစ်ထောင်ဖိုးထည့်ရုံနဲ့ ပြည့်တယ်။ အဲဒါတောင် အခု နှစ်ခါပြန်တန်းစီရတယ်။ ဘေးတွဲတစ်စီး ၃၀၀၀ ဖိုးပဲဖြည့်ခွင့်ပေးတယ်” ဟု ရွှေပြည်မြို့တွင်း ဘေးတွဲယာဉ်မောင်းနှင်နေသူတစ်ဦးက ပြောသည်။

 

မန္တလေးမြို့က ဒေသခံတစ်ဦးကလည်း စက်သုံးဆီဝယ်ယူရသည့်အခက်အခဲကို CJ Platform သို့ ယခုလို ပြောသည်။

 

“အရင်ရက်ကတည်းက ပုံမှန် မရပါဘူး၊ Farmer (ဆီဆိုင်အကြီး) လိုဆိုင်တောင် ဆီပြတ်တယ်၊ ရန်ကုန်လောက်တော့ မဆိုးသေးဘူး၊ ဒီဆိုင်မရ ဟိုဆိုင်ရှာထည့်တာပေ့ါ၊ ဒီနေ့လည်း ရှာဝယ်နေရတာပဲ၊ New Day မှာ မရလို့ အောင်ဘိုဟိန်း မှာ ထည့်ရယ်၊ တချို့ဆိုင်တွေက 95 ပြတ်တယ်” ဟု ပြောသည်။

 

လက်ရှိတွင် စက်သုံးဆီများ ဝယ်ယူရန်ခက်ခဲနေသည်သာမက စျေးနှုန်းမှာလည်း ပုံမှန်မရှိဘဲ နေရာဒေသအလိုက် ကွာခြားမှုများရှိနေသည်ဟု သိရသည်။

 

စစ်ကောင်စီ၏ ယနေ့ (ဒီဇင်ဘာ ၅) ထုတ် ကြေးမုံသတင်းစာတွင် 92 Ron တစ်လီတာ လက်လီစျေးနှုန်းကို ရန်ကုန်တွင် (၂,၅၁၀) ကျပ်ဟု ဖော်ပြထားသော်လည်း အပြင်ပေါက်စျေးသည် (၂,၈၀၀) ကျပ်ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ စက်သုံးဆီလက်လီရောင်းသူထံမှ သိရသည်။ အလားတူပင် မန္တလေးမြို့၏ 92 Ron တစ်လီတာ လက်လီစျေးနှုန်းသည် (၂,၅၆၀) ကျပ်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် 92 တစ်လီတာကို (၃,၂၀၀) ကျပ်အထိ ပေးဝယ်နေရသည်ဟု မန္တလေးမြို့ ဒေသခံက ဆိုသည်။

 

ထိုသို့ဆိုသော် စက်သုံးဆီအကြပ်အတည်း ဘယ်အထိစိုက်ပေမလဲ။

 

စက်သုံးဆီနောက်ကလိုက်လာမည့် ကုန်စျေးနှုန်းကတော့ မတက်ဘဲ နေမည်မထင်။ တက်သထက် တက်နေပေဦးမည်။

 

ထိုအရေး…ထိုနိုင်ငံရေး…ထိုစီးပွားရေး… အမြန်ဆုံး အဆုံးသတ်ဖို့ ဆုတောင်းနေမည်လော… ကိုယ်တိုင်ပါဝင်မည်လော…

 

ပုံစာညွှန်း – ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူနိုင်ရေး တန်းစီစောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များအား မြင်ရပုံ