ယူကရိန်းအား ထောက်ပံ့ရန် ရန်ပုံငွေ မလုံလောက်တော့သဖြင့် ရုရှားကျူးကျော်စစ်အား ခုခံရာတွင် နှောင့်နှေးမှုများ ရှိလာမည်ဟု အမေရိကန်သမ္မတရုံး အသိပေး

Author လင်းနွေဦး
Categories
Published on Dec 05, 2023

အမေရိကန်နိုင်ငံမှ ယူကရိန်းနှင့် အခြားသော နိုင်ငံများသို့ ကူညီရန် ရန်ပုံငွေများ မလုံလောက်တော့သဖြင့် ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေသော ယူကရိန်းအဖို့ နှောင့်နေးမှုများ ရှိလာမည်ဖြစ်ကြောင်း အမေရိကန် သမ္မတရုံးမှ လွှတ်တော်သို့ သတိပေးပြောဆိုမှု ပြုလုပ်ခဲ့သည်ဟု Associated Press Media မှ ဖော်ပြသည်။

 

ပြီးခဲ့သည့် ယမန်နေ့ ဒီဇင်ဘာ(၄)ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတရုံးမှ လွှတ်တော်သို့ အရေးပေါ် သတိပေးချက် ပေးပို့ခဲ့ပြီး သတိပေးချက်အတွင်း ယူကရိန်းသို့ စစ်ရေးနှင့် စီးပွားရေး ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန် ဒေါ်လာ ဘီလီယံချီ တောင်းဆိုထားမှုအား အမြန်ဆုံး အတည်ပြုပေးရန်ဖြစ်ပြီး အကယ်၍ မပြုလုပ်ပါက ယူကရိန်း၏ ရုရှားခုခံစစ် ဆင်နွှဲနေခြင်းအပေါ် နှောင့်နှေးစေမည်ဖြစ်ကြောင်း ရေးသားထားသည်။

 

လွှတ်တော်နှင့် လွှတ်တော် ခေါင်းဆောင်များသို့  အမေရိကန်သမ္မတရုံး၏ ဘဏ္ဍာငွေ နှင့် စီမံခန့်ခွဲရေး ဒါရိုက်တာ ShalandaYoung (ရှလန်ဒါယန်း)မှ အိတ်ဖွင့်ပေးပို့သော သတိပေးစာ အတွင်း ”အမေရိကန် မှ ယူကရိန်းသို့ လက်နက်များ ပေးပို့ရန်နှင့် တခြားသော အကူအညီတွေ ပေးနိုင်ဖို့ ရန်ပုံငွေများသည် ယခုနှစ်ကုန်တွင် ပြတ်လပ်တော့မည် ဖြစ်ကာ ၎င်းအခြေအနေသည် ယူကရိန်းအား စစ်ပွဲအတွင်း ရှေ့ဆက် မ​လျှောက်နိုင်ရန် လုပ်သကဲ့သို့ ဖြစ်လိမ့်မည်”ဟု ရေးသားခဲ့သည်။

 

တစ်ဆက်တည်းမှာပင် ရှလန်ဒါယန်းမှ အမေရိကန်၏ ရန်ပုံငွေများသည် ယူကရိန်း၏ စီးပွားရေးအား ပြန်လည် ထူထောင်ရန် အသုံးပြုရာတွင် ကုန်လုနီးပါးဖြစ်နေခဲ့ကြောင်း၊ အကယ်၍ ယူကရိန်း၏ စီးပွားရေးမှာ ချွတ်ချော်ပြိုလဲခဲ့ပါက ဆက်လက်တိုက်ခိုက်နိုင်မည် မဟုတ်တော့ဘဲ တစ်ခန်းရပ်သွားမည် ဖြစ်ကြောင်းပါ ဖြည့်စွက်ရေးသားခဲ့ကြောင်း AP media မှ ဖော်ပြသည်။

 

အမေရိကန်လွှတ်တော်မှလည်း ယခင်က ရန်ပုံငွေများအား ခွဲဝေချမှတ်ပေးခဲ့ပြီးဖြစ်ကာ ယူကရိန်းသို့ ထောက်ပံ့ရန် စုစုပေါင်း ကန်ဒေါ်လာ( ၁၁၁)ဘီလီယံ ခွဲဝေပေးခဲ့ပြီး( ၆၇ )ဘီလီယံ မှာ စစ်ရေးရန်ပုံငွေ၊ (၂၇ ) ဘီလီယံမှာ စီးပွားရေးနှင့် ပြည်သူများအားထောက်ပံ့ရန်၊ (၁၀)ဘီလီယံမှာ လူသားချင်းစာနာရေးဆိုင်ရာ အထောက်အပံ့များအတွက် ခွဲဝေပေးခဲ့ဖူးသော်လည်း ဘဏ္ဍာငွေနှင့် စီမံခန့်ခွဲရေး ဒါရိုက်တာ ရှလန်ဒါယန်းကမူ ထိုဘဏ္ဍာငွေများအားလုံး အပြင် စစ်ရေးအတွက် အပိုရန်ပုံငွေ ၃ ရာခိုင်နှုန်းပါ နိုဝင်ဘာလလယ်တွင် အသုံးပြုပြီးဖြစ်ကြောင်း သတိပေးစာအတွင်း ရေးသားခဲ့သည်။

 

အမေရိကန် သမ္မတ ဂျိုးဘိုင်းဒင် မှ ယူကရိန်း၊ အစ္စရေးနှင့် တခြားလိုအပ်သော နိုင်ငံများသို့ကူညီရန်  အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ နီးပါးအား ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းကတည်းက တောင်းဆိုခဲ့ဖူးပြီး ဖြစ်သော်လည်း လွှတ်တော်အတွင်း ရီပက်ဘလစ်ကန် ပါတီဝင်များ၏ ယူကရိန်းအား ကူညီမှု ရေချိန်ကို တိုင်းတာရန်နှင့် အမေရိကန်-မက္ကစီကို နယ်စပ် မူဝါဒ ပြောင်းလဲမှုများကြောင့် ရွေ့ပြောင်းဒုက္ခသည်များအား ပိုမိုကူညီရန် စသည့် အချက်များကြောင့် အကြပ်အတည်းကြားတွင် ရောက်ရှိနေရခြင်းလည်း ဖြစ်သည်။

 

ယခုအခါ အမေရိကန်နိုင်ငံသည် ၎င်းတို့၏ နိုင်ငံကြီးရေးရာမူဝါဒဖြင့် အမေရိကန်ပုံရိပ်အား ကမ္ဘာ့အလယ် လွှမ်းမိုးနိုင်ရန် ယူကရိန်း-ရုရှား ကျူးကျော်စစ်၊ အစ္စရေး-ဂါဇာ စစ်ပွဲ ၊ ကိုရီးယား နှစ်နိုင်ငံ အရေး တို့အား ထဲထဲဝင်ဝင် ပါဝင် ကူညီလျက်ရှိပြီး အခြားသောနိုင်ငံများ၏ အခက်အခဲ ပြဿနာများတွင် ဝင်ရောက်ပါဝင်နိုင်သော ခေါင်းစဉ်များအောက်မှလည်း ဦးဆောင်​ဖြေရှင်းပေးလျက်ရှိသည်။

 

ဓာတ်ပုံ-Associated Press

Related News

Depend on news