ထား၀ယ်မြို့နယ်ရှိ စစ်ကောင်စီတပ်သားများကို ပစ်ခတ်ရာ ၁၀ ဦး သေဆုံး

Author မင်းထက်
Categories
Published on Nov 20, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်သားများကို အလစ်၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ပြန်ကြားရေးတာ၀န်ခံမှ  CJ Platform သို့ပြောသည်။

 

နို၀င်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ထား၀ယ်မြို့နယ် ၊ မောင်မယ်ရှောင်ကျေးရွာ  ရှင်ဓာတ်ဝဲဘုရားအနီးတွင် ၀ိုင်းဖွဲ့အရက်သောက်နေသည့် စစ်ကောင်စီတပ်သားများကို DGRF တပ်ခွဲ ၂ မှ အလစ်၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“အိမ်ရှေ့ပြင်ဖက်က ကားနဲ့လာချခဲ့တာပါဗျ။ ကျွန်တော်တို့လည်း နားမလည်ဘူး ဘာကိစ္စနဲ့ လာတာလည်းဆိုတာ အင်းအားကတော့  ၂၅-၃၀ ဝန်းကျင်ရှိပါတယ်။ သွားရောက် တိုက်ခိုက်တော့ ပြန်လည် ပစ်ခတ်ပါတယ်ဗျ။ ပစ်ခတ်ခံရပြီးနောက်မှာ ဖမ်းဆီးတာတွေရှိတယ်လို့ သိရပြီး vigo ကားအမဲနဲ့ လာတဲ့ လူတစ်ယောက်ကိုလည်း ပစ်ခတ်ခဲ့ကြောင်း သိရတယ်” ဟု  DGRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

 

ယင်းသို့ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ ဒဏ်ရာအများအပြားရရှိကာ ပစ်ခတ်ခံရမှုအတွင်း ၆ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများထဲမှ ၄ ဦး ထပ်မံသေဆုံး၍ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း ထပ်မံ ပြောကြားချက်အရ သိရသည်။

 

ထို့ပြင် နို၀င်ဘာလ ၁၈ ရက်နေ့  ညနေ ၆ နာရီ ၂၀ ခန့်က မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲစစ်ကောင်စီဂိတ်အနီးရှိ  ဖောင်တော်ဦးဘုရားအနီးသို့ ရောက်လာသော စစ်ကောင်စီ အင်အား ၄၀ ခန့်ရှိသော စစ်ကောင်စီတပ်သားအုပ်စုအား သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့​သောကြောင့် စစ်ကောင်စီတပ်သားများက ဘုရားမဲဂိတ်သို့ ​ပြန်လည်ဆုတ်ခွာသွားပြီး စစ်ကူလာမည့်အချိန်ကို စောင့်နေခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ ထိခိုက်သေတုံးမှုအား ညဖက်မမြင်ရသဖြင့် အတည်မပြုနိုင်ခဲ့​ကြောင်း သိရသည်။