ရန်ကုန်တွင် ညမထွက်ရအမိန့် ပြင်ဆင်ထားသော်လည်း လူငယ်များကို ဖမ်းဆီးစစ်ဆေးမှုများ စစ်ကောင်စီပြုလုပ်နေ

Author ကိုထက်
Categories
Published on Nov 16, 2023

ရန်ကုန်တိုင်းအတွင်း ညမထွက်ရ မာရှယ်လောအမိန့်ကို စစ်‌ကောင်စီက ပြင်ဆင်ထားသော်လည်း မြို့နယ်အချို့တွင် အဓမ္မဖမ်းဆီးစစ်‌ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

 

စစ်ကောင်စီက ညမထွက်ရအမိန့်ကို နံနက် ၁ နာရီမှ ၃ နာရီအထိ ပြင်ဆင် သတ်မှတ်ထားသော်လည်း ည ၇ နာရီ၊ ၈ နာရီအတွင်းတွင်ပင် ဖမ်းဆီးစစ်ဆေးမှုများ ရှိနေခြင်းဖြစ်သည်ဟု ကြုံတွေ့ခဲ့ရသူများက ပြောသည်။

 

“၁၀ရပ်ကွက်မှာဖြစ်တာ။ ညက လမ်းထိပ်မှာထိုင်နေတဲ့ ကောင်လေး ၇ ယောက်လောက်ရှိမယ်ထင်တယ်။ ကားနဲ့ပတ်နေရင်း ခေါ်သွားကြတာ။ ညမထွက်ရဖမ်းတယ်ပြောရအောင်လည်း ည ၈ နာရီပဲရှိသေးတယ်လေ ” ဟု ရွှေပြည်သာမြို့နယ်နေသူတစ်‌ဦးက ပြောသည်။

 

တောင်ဥက္ကလာမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီတပ်သားများက လူငယ်များကို သီးသန့်ရွေးချယ်၍ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

 

“ညက လူငယ်တွေကိုပဲ စစ်တာ၊ အိတ်တွေစစ်တယ်။ ဖုန်းတွေကော၊ လေး၊ငါး ခြောက်ယောက်လောက်ရှိမယ် အစစ်ခံရတာ။ တချို့ကို ကားပေါ်ခေါ်သွားတယ်။ အလုပ်လုပ်ပြန်လာကြတဲ့သူတွေပါ။ ကားစီးမလို့ စောင့်နေတာကို သူတို့က ကားရပ်ပြီးစစ်တာ” ဟု တောင်ဥက္ကလာမြို့နယ်အတွင်း စစ်ဆေးနေမှုကို မြင်တွေ့လိုက်ရသူတစ်‌ဦးက ပြောသည်။

 

အလားတူ ရပ်ကွက်လမ်းထိပ်များတွင် အုပ်စုလိုက်ထိုင်နေသည့် လူငယ်များကို စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးသွားမှုများလည်း ရှိနေကြောင်း သိရသည်။

 

နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်ဖွဲ့များက နေ့စဉ်တိုက်ခိုက်လျက်ရှိရာ မြို့များသိမ်းယူနိုင်သည်အထိ အောင်မြင်မှုများ ရရှိလာနေသည်။

 

ထို့ကြောင့် ရန်ကုန်အပါအဝင် ၎င်းတို့နယ်မြေစိုးမိုးမှုရှိသောနေရာဒေသများကို စစ်ကောင်စီမှ ပိုမိုတင်းကျပ်ဖိနှိပ်လာခြင်းဖြစ်သည်။