သိန္နီရှိ စစ်ကောင်စီ မန်လွင်ပြည်သူ့စစ်စခန်းကို TNLA ထပ်သိမ်း၊ ၁၀၂၇ စစ်ဆင်ရေး ၂၁ ရက်ဆက် ဆက်လက်ဆင်နွှဲနေ

Author မင်းထက်
Categories
Published on Nov 16, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန္နီမြို့ရှိ စစ်ကောင်စီ မန်လွင်ပြည်သူ့စစ်စခန်းကို ယမန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တအောင်းတပ်မတော် PSLF/TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအဖြစ် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ည ၈ နာရီခွဲတွင် တအောင်းတပ်မတော်က မန်လွင်ပြည်သူ့စစ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယနေ့ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင်လည်း ၁၀၂၇ စစ်ဆင်ရေး ၂၁ ရက်ဆက်အဖြစ် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအနီး တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ နောင်ချိုမြို့နယ် ဆင်ဖြူရေးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

 

ထို့ပြင် နမ့်ဖတ်ကာဘက်တွင်လည်း စစ်ကောင်စီမှ တီးမား၊ ဟိုမောကျေးရွားများဘက်သို့ လက်နက်ကြီးများဖြင့် ၁၆ ကြိမ်ခန့် ပစ်ခတ်တိုက်‌ခိုက်ကြောင်း တအောင်းတပ်မတော် PSLF/TNLA က ယနေ့ ထုတ်ပြန်သည်။

အောက်တိုဘာ ၂၇ ရက်ကစခဲ့သည့် ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများ ၂၁ ရက်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး စစ်ကောင်စီ၏ တပ်စခန်းကြီး၊ ငယ် ၁၅၀ နီးပါးနှင့် မရေတွက်နိုင်သည့်လက်နက်ခဲယမ်းများ၊ မြို့ ခုနစ်ခုတို့ကို မြောက်ပိုင်းညီနောင်အဖွဲ့များက သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ညီနောင်သုံးဖွဲ့၏ထုတ်ပြန်ချက်များအရ သိရသည်။