ကော့ကရိတ်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ခွဲမှူးအပါအဝင် (၃)ဦး သေဆုံး

Author လင်းနွေဦး
Categories
Published on Nov 08, 2023

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း နိုဝင်ဘာ (၇) ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ တပ်မ (၄၄)လက်အောက်ခံ ခမရ-၉၇ တပ်ရင်းနှင့် တပ်မ (၄၄) လက်အောက်ခံ တပ်ဖွဲ့များနှင့် တပ်စွဲထားသော ဇိနသုခ ဘုန်းကြီးကျောင်းသို့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Power Of Ababil(POA) ဒရုန်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက CJ Platform  သို့ ပြောသည်။

 

အဆိုပါ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ခမရ-၉၇ တပ်ခွဲမှူးနှင့် ၎င်း၏ကိုယ်ရံတော် အပြင် စစ်သားတစ်ဦးတို့ ဗုံးထိမှန် သေဆုံးခဲ့ကာ အလောင်းများကို တပ်ရင်း(၉၇)မှ ညတွင်းချင်းလာရောက် ထုတ်ယူသွားကြောင်း ၎င်းက ပြောသည်။

 

“မနေ့က ညနေကတည်းက ၆ ကြိမ်၊ ၇ ကြိမ် လောက် ကျွန်တော်တို့ သွားချတာ။ အဲဒီကတည်းက သုံးယောက် သေတာ သိပေမယ့် အတည်ပြုဖို့ စောင့်ရင်းနဲ့ ခုမှ သေချာ အတည်ပြုနိုင်တာဗျ။ (၉၇) တပ်ခွဲမှူးနဲ့ သူ့ဘော်ဒီဂတ်၊ ပြီးတော့ တခြားအဆင့် ၁ ဦး ပေါင်း (၃)ဦးကို ညတွင်းချင်း အလောင်းလာထုတ်သွားတာခင်ဗျ ” ဟု POA ဒရုန်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

 

တပ်ခွဲမှူး အပါအဝင် (၃) ဦး သေဆုံးခဲ့သည့် အဆိုပါ Drone မစ်ရှင်ကို Justice Soldier PDF Drone တပ်ခွဲ၊ Shar Htoo Waw နည်းပညာသုံး Kloud၊ Angry Bird Drone Ranger ၊ Power Of Ababil (POA) စသည့် ဒရုန်းတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ – Power Of Ababil Drone တပ်ဖွဲ့