ယူကရိန်း စစ်ဘက်ဆိုင်ရာ ဆုပေးပွဲကျင်းပနေစဉ် ရုရှားဒုံးကျ၍ စစ်သား (၁၉) ဦးသေဆုံး

Author လင်းနွေဦး
Categories
Published on Nov 08, 2023

ယူကရိန်း စစ်ဘက်ဆိုင်ရာ ဆုပေးပွဲကျင်းပနေစဉ် ရုရှားဒုံးကျ၍ စစ်သား (၁၉) ဦးသေဆုံး 

 

CJ Platform 

 

ယူကရိန်းနိုင်ငံ Zaporizhzhia(ဇာပိုရစ်ဇ်ဇီဟီ)ပြည်နယ် တောင်ပိုင်းရှိ ကျေးရွာတစ်ခုတွင် ပြီးခဲ့သည့် နိုဝင်ဘာ( ၄) ရက်နေ့ကပြုလုပ်သော စစ်ဘက်ဆိုင်ရာဆုပေးပွဲတွင် ရုရှား ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စဉ်း ကျရောက် ပေါက်ကွဲ၍ စစ်သား(၁၉)ဦး သေဆုံးခဲ့သည်ဟု CNN သတင်းဌာနမှ ဖော်ပြထားသည် ။

 

အဆိုပါတိုက်ခိုက်ခံရပြီးပြီးချင်းတွင် ယူကရိန်းစစ်တပ်ဘက်မှ သေဆုံးသည့်အရေအတွက်ကိုအတိအကျ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘဲ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိကာ ၎င်းတို့၏ စစ်ဘက်အမှုထမ်းအချို့ သေဆုံးခဲ့သည်ဟုသာ မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

 

ထို့ပြင် ယူကရိန်းပါလီမန်ကလည်း သေဆုံးသူ စုစုပေါင်း (၂၈)ယောက်နှင့် ပြည်သူ (၅၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း စစ်သားမည်မျှနှင့် ပြည်သူ မည်မျှထိခိုက်သေဆုံးကြောင်း သတင်းအတိအကျကို ချန်လှပ်ဖော်ပြခဲ့သည်။

 

ယူကရိန်းစစ်ဘက်မှ နိုဝင်ဘာ (၆)ရက်နေ့မှသာ ကျဆုံးစစ်သည် စာရင်းကိုအတည်ပြုထုတ်ဖော်ပြောကြားခဲ့ပြီး ယူကရိန်းတပ်မဟာ အမှတ်(၁၂၈)မှ ထူးချွန်စစ်သား(၁၉)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

တပ်မဟာ အမှတ်(၁၂၈)၏ အဖွဲ့ဝင် စစ်သည်တစ်ဦးက ” ဒုံးကျည်ဟာ နိုင်ငံရဲ့ စစ်ဘက်နဲ့ ဒုံးကျည်တပ်ဖွဲ့ များနေ့ကို ဂုဏ်ပြုရန် ရှေ့တန်းနဲ့ နီးတဲ့ ဇာရီချိန်ရွာမှာပြုလုပ်တဲ့ စုဝေးပွဲကို ရောက်ရှိနေကြချိန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ကြေကွဲစိတ်ပျက်သည့်အသွင်ဖြင့် CNN သို့ ဖြေကြားခဲ့သည်။

 

ရုရှား အာဏာပိုင်များဘက်မှ ယခုတိုက်ခိုက်မှုနှင့်ပတ်သတ်၍ အတည်ပြုပြောကြားခြင်းမရှိခဲ့သလို ငြင်းဆိုခြင်းလည်း မပြုခဲ့ချေ။

 

ယူကရိန်း ကာကွယ်ရေးဝန်ကြီး Rustem Umerov(ရူစတန် ယူမာရုဗ့်)ကလည်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ” ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ လုပ်ဆောင်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ရမှာဖြစ်သလို ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကိုလည်း ရိုးသားတဲ့အဖြေတွေပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်း၏ Meta (ယခင် Facebook)လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ယူကရိန်း သမ္မတ ဇလန်စကီးက “ရှောင်ရှားနိုင်ခဲ့ဖွယ်ဖြစ်တဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ 

 

ယူကရိန်း သမ္မတသည် ထိုနေ့တွင် အခြားနေရာ၌ စစ်ဘက်နှင့် ဒုံးကျည်တပ်ဖွဲ့ များနေ့ကို ဂုဏ်ပြုတက်ရောက်ကာ ဆုရ စစ်သည်များကို ဆုတံဆိပ်များပေးအပ်ခဲ့သော်လည်း တိုက်ခိုက်မှုဖြစ်ပွားသောနေရာ မဟုတ်ခဲ့ခြင်းက ကံကောင်းသည်ဟု ဆိုနိုင်သည်။

 

ရုရှားတပ်များမှ Iskander-M အမျိုးအစား ဒုံးကျည်ကို တပ်မဟာအမှတ် (၁၂၈) မှ စစ်သည်များ ဖြန့်ကျက်ထားသော တောင်ကုန်းပေါ် မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းစစ်မြေပြင်ရှိ တပ်ဖွဲ့များက ပြောကြားခဲ့သည်။

 

ထိုတပ်မဟာအမှတ်(၁၂၈)မှာ ၂၀၁၄ ခုနှစ်မှစတင်ကာ အရှေ့ယူကရိန်းတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသော တပ်မဟာတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှစတင်သော ရုရှားကျူးကျော်စစ်တွင် စွမ်းစွမ်းတမံ တိုက်ခိုက်နေသော တပ်မဟာတစ်ခုဖြစ်သည်။