ဂါဇာဟာ ကလေးသူငယ်ထောင်ပေါင်းများစွာအတွက် သင်္ချိုင်းမြေ ဖြစ်‌နေပြီလို့ UN ပြော

Author အဂ္ဂ
Categories
Published on Nov 01, 2023

ဂါဇာဒေသဟာ ကလေးသူငယ်ထောင်ပေါင်းများစွာအတွက် သင်္ချိုင်းမြေဖြစ်နေပြီး ကလေးသူငယ်တွေဟာ  စစ်ပွဲကာလအတွင်း အစ္စရေးတို့ရဲ့ ဝိုင်းရံပိတ်ဆို့မှုတွေကြောင့် ရေဓာတ်ခမ်းခြောက်ပြီး ပိုမိုသေဆုံးနိုင်ချေရှိတယ်လို့လည်း ကုလသမဂ္ဂ(UN) က သတိပေးပြောကြားခဲ့ပါတယ်။

 

အစ္စရေး အာဏာပိုင်တွေကတော့ အောက်တိုဘာ (၇) ရက်နေ့မှာ ပါလက်စတိုင်းအုပ်စုဖြစ်တဲ့ ဟားမက်စ်တွေရဲ့ ရှောင်တခင်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား (၁၄၀၀) ကျော်သေဆုံးမှုကြောင့် မြေပြင်ရေု ဝေဟင်ကနေပါ ပြန်လည်ထိုးစစ်ဆင်ရတာပါလို့ပြောပါတယ်။

 

ဒါပေမဲ့ အဲ့ဒီပြန်လည်ထိုးစစ်ဆင်မှုမှာ  နေအိမ်တွေနဲ့ ဆေးရုံဆေးခန်းတွေပါ ထိခိုက်ပျက်စီးခဲ့ရတာပါ။

အမျိုးသမီးနဲ့ ကလေးသူငယ် အများစုပါဝင်တဲ့ (၈၅၀၀) ထက်ပိုတဲ့ ပါလက်စတိုင်းနိုင်ငံသားတွေဟာ  သတ်ဖြတ်ခံခဲ့ရတယ်လို့ ဂါဇာဒေသရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“အစီရင်ခံစာတွေအရ ရက်သတ္တပတ်နှစ်ပတ်လောက်အတွင်းမှာပဲ  ကလေးသူငယ်ဒါဇင်နဲ့ချီ အသတ်ခံခဲ့ရတယ်၊ နောက် ရာနဲ့ချီ၊ နောက်ဆုံးမှာ ထောင်နဲ့ချီတဲ့ အရေ အတွက်တွေအထိ တိုးလာတယ်ဆိုမြင်ရတာ ကျွန်တော်တို့ တကယ်ကိုပဲ စိုးရိမ်ထိတ်လန့်စရာကောင်းပါတယ်” လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) ပြောရေးဆိုခွင့်ရှိ သူ James Elder (ဂျိမ်းစ်အယ်ဒါ) က ထုတ်ပြန်ချက်တစ်ခုထဲမှာ  မနေ့ကပဲ ဖော်ပြခဲ့ပါတယ်။

 

“ကိန်းဂဏန်းတွေဟာ ကြောက်ခမန်းလိလိပါပဲ၊ အစီရင်ခံစာတွေအရ ကလေးသူငယ်ပေါင်း ၃,၄၅၀ ကျော်ဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။ နေ့စဉ်နဲ့အမျှလည်း ဒီကိန်းဂဏန်းတွေဟာ မြင့်တက်လျက်ရှိပါတယ်။ ဂါဇာဟာ ကလေးငယ်ထောင်ပေါင်းများစွာအတွက် သင်္ချိုင်းမြေဖြစ်နေခဲ့ပြီး အခြားသူတွေအတွက်တော့ ရှင်လျက်ကျနေတဲ့ ငရဲပါပဲ၊ ဒါ့အပြင် အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ကလေးသူငယ် (၆,၃၀၀) လည်း ဒဏ်ရာရခဲ့ပါသေးတယ်” လို့ UNICEF ရဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Catherine Russell (ကက်သရင်းရပ်ဆဲလ်) ကပြောပါတယ်။

 

ဒါဟာ နေ့စဉ်နေ့တိုင်း ပျှမ်းမျှအားဖြင့် ပါလက်စတိုင်း ကလေးငယ် (၄၂၀) ဟာ အသတ်ခံရ (ဒါမှမဟုတ်) ထိခိုက်ဒဏ်ရာ ရနေတာဖြစ်တယ် လို့  သူမက ရှင်းပြပါတယ်။

 

“ဒီကိန်းဂဏန်းတွေဟာ ကျွန်မတို့ကို တုန်လှုပ်စေပြီး အူထဲအသည်းထဲထိ ချောက်ချားစေနိုင်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

 

ကုလသမဂ္ဂဟာ ရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါး နဲ့ လောင်စာဆီများအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဘေးကင်းလုံခြုံစွာနဲ့  အဆက်မပြတ် အတားအဆီးမရှိဘဲ ဂါဇာကမ်းမြောက်ဒေသကို ဖြတ်ကျော်ဝင်ရောက်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအတွက် အပစ်အခတ် ချက်ခြင်းရပ်စဲကြဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

 

“အကယ်၍ အပစ်အခတ်သာ မရပ်စဲခဲ့ရင် ရေနဲ့ ဆေးဝါး တွေလည်းရရှိမှာမဟုတ်သလို၊ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကလေးတွေကိုလည်း မလွတ်ပေးခဲ့ဘူးဆိုရင် အပြစ်ကင်းမဲ့တဲ့ ကလေးသူငယ်တွေကို အင်မတန် စိုးရိမ်ထိတ်လန့်စရာကောင်းတဲ့ ကပ်ဘေးထဲကို တွန်းပို့နေတာနဲ့အတူတူပါပဲ” လို့ Elder ကဆိုပါတယ်။

 

ဂါဇာက ကျန်းမာရေးဌာနတွေရဲ့ ကိန်းဂဏန်းတွေ အရ ကလေးသူငယ် ၉၄၀ ခန့် ပျောက်ဆုံးနေတယ်လို့ သူက ဆက်လက်ပြောပါတယ်။

 

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မှ ပြောရေးဆိုခွင့်ရှိသူ Jens Laerke (ယန်းစ်လာ့ကာ) က “အပျက်အစီးတွေအောက်မှာ ပိတ်မိ၊  ပိမိနေတဲ့ကလေးတွေအကြောင်း တွေးရတာ မခံမရပ်နိုင်လောက်အောင်ပါပဲ ၊ ဒါပေမဲ့ သူတို့ကို အပြင်ထုတ်ဖို့ကျတော့လည်း အခွင့်အလမ်း (သို့) ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်” လို့ ပြောပါတယ်။

 

“ဗုံးထက်ပိုဆိုးတဲ့ ဘေးအန္တရာယ်တွေ”

 

အစ္စရေးတို့ကဂါဇာကမ်းမြောင်ဒေသကို  ပိတ်ဆို့ဝန်းရံထားတဲ့အတွက် ဂါဇာဒေသမှာ လောင်စာဆီ၊ လျှပ်စစ်နဲ့ ရေတွေ ပြတ်တောက်‌နေပါတယ်။ ဒါ့အပြင် အရေအတွက် ၂ ဒသမ ၃ သန်းရှိတဲ့ ပါလက်စတိုင်းနိုင်ငံသားတွေအတွက် မလုံလောက်နိုင်တဲ့ အထောက်အပံ့ပေးပို့မှု နည်းနည်းလေးကိုပါ ထပ်ပြီးလျှော့ချထားပါတယ်။

 

“ပါလက်စတိုင်းအသိုက်အဝန်းမှာ ကြုံတွေနေရတဲ့ဘေးအန္တရာယ်တွေထဲမှာ ရေ နဲ့ စိတ်ဒဏ်ရာတွေပါ ပါနေပြီး အဲ့ဒီအရာတွေဟာ ကလေးသူငယ်တွေအတွက်တော့ ဗုံးတွေထက်ပိုဒုက္ခပေးနိုင်တဲ့ ဘေးအန္တရာယ်တွေ ဖြစ်တယ်” လို့ Elder က အလေးအနက် ပြောပါတယ်။

 

ဂါဇာဒေသရဲ့ သောက်သုံးရေထွက်ရှိမှုဟာ ကလေးငယ် တစ်သန်းကျော်ရဲ့ ငါးရာခိုင်နှုန်းအတွက်သာ ဖြည့်တင်းပေးနိုင်တဲ့အတွက် ကလေးငယ်တစ်သန်းကျော်ဟာ သောက်သုံးရေ အကျပ်အတည်းကြီးကြီးမားမား ကြုံနေရတာကြောင့် ကလေးသူငယ်တွေဟာ ရေဓာတ်ခမ်းခြောက်ပြီးသေဆုံးရတာပြီး ရေဓာတ်ခမ်းခြောက်မှုကြောင့် သေဆုံးမှုတွေမြင့်တက်လာမယ့် အန္တရာယ်လည်းကြုံနေရတယ်” လို့ သူက သတိပေး ပြောဆိုပါတယ်။

 

စိတ်ဒဏ်ရာတွေနဲ့ပတ်သက်ပြီး “နောက်ဆုံးမှာ စစ်ပွဲတွေရပ်သွားခဲ့တဲ့အချိန်မှာ၊ ကလေးသူငယ်တွေနဲ့ သူတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုတွေဟာ နောက်မျိုးဆက်တွေအထိ ပါနေလိမ့်ဦးမယ်” လို့ သူက ဆက်ပြောပါတယ်။

 

လက်ရှိ ပဋိပက္ခတွေမဖြစ်ခင် ဂါဇာမှာရှိတဲ့ ကလေးသူငယ်အားလုံးရဲ့ လေးပုံသုံးပုံဖြစ်တဲ့ ကလေးသူငယ် (၈၀၀,၀၀၀) ကျော်ဟာ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ အများကြီးလိုအပ်နေတယ်လို့ Elder က အလေးအနက်ပြောခဲ့တာပါ။

 

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်း အေဂျင်စီ (UNRWA) ရဲ့  မဟာမင်းကြီး Philippe Lazzarini (ဖိလစ်ပီလက်ဇ်ဇာရီနီ) က လွန်ခဲ့တဲ့ သုံးပတ်အတွင်း ဂါဇာကမ်းမြှောင်ဒေသမှာ သေဆုံးခဲ့တဲ့  ပါလက်စတိုင်းနိုင်ငံသား ၇၀ ရာခိုင်နှုန်းနီးပါးဟာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးများတွေဖြစ်တယ်လို့ ပြောပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာ အောက်တိုဘာ (၇) ရက်နေ့ကတည်းက သေဆုံးခဲ့တဲ့ ကလေးသူငယ်အရေအတွက်ဟာ ၂၀၁၉ ခုနှစ်က စလို့ ကမ္ဘာတစ်ဝှမ်းက စစ်မက်ဖြစ်ပွားရာဒေသတွေရဲ့ နှစ်စဉ်ကလေးသူငယ်သေဆုံးရမှု ကိန်းဂဏန်းထက်ကို ကျော်လွန်နေခဲ့ပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ဒါဟာ စစ်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလို့တောင် မဆိုနိုင်တော့ကြောင်းနဲ့  အစ္စရေးတို့ရဲ့ ပြင်းပြင်း ထန်ထန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝန်းရံပိတ်ဆို့ခံထားရတဲ့ နယ်မြေအတွင်းမှာ လုံခြုံစိတ်ချရတဲ့ နေရာမရှိတောကြောင်းကိုလည်း တနင်္လာနေ့ ညနေပိုင်းမှာ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

 

Ref : Gaza has become a ‘graveyard’ for thousands of children: UN – Al Jazeera English

Photo –   Yasser Qudih/Xinhua

Related News

Depend on news