စခန်းလုံးကျွတ်ထွက်ပြေးသည့် “မိုင်းပါးတပ်စခန်း”ကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီဟု ညီနောင်သုံးဖွဲ့ဆို

Author CJ Platform
Categories
Published on Oct 31, 2023

၁၀၂၇ စစ်ဆင်ရေး ငါးရောက်မြောက်နေ့ဖြစ်သည့် ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့ မနက် ၄နာရီခန့်တွင် စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းအား အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်း  ညီနောင်မဟာမိတ်သုံးဖွဲ့၏ Operation 1027- 3BHA လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

အဆိုပါ တပ်စခန်းအား ယမန်နေ့ အောက်တိုဘာလ ၃၀ရက်နေ့ ညပိုင်းမှ စတင်ကာ ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်နေခြင်းဖြစ်ပြီး ညသန်းခေါင်ကျော်အချိန်တွင် စစ်ကောင်စီတပ်မှ အဆိုပါ စခန်းအား စခန်းလုံးကျွတ် စွန့်ခွာပြေးခဲ့ခြင်းကြောင့် ယနေ့မနက် အစောပိုင်းတွင် မဟာမိတ်တပ်များမှ သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

 

“ဟုတ်တယ်ဗျ မနေ့ညက ချဥ်းကပ်တိုက်ခိုက်ရင်း အကုန်ထွက်ပြေးလို့ ဝင်ရောက်သိမ်းပိုက်လိုက်တာ လက်နက်တော့ မရဘူးထင်တယ်ဗျ”ဟု TNLA၏ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

 

တအာင်းတပ်မတော် (TNLA)၏ အပြီးသတ်ချေမှုန်းခြင်းခံလိုက်ရသော စစ်ကောင်စီတပ်စခန်းသည် လားရှိုးနှင့် သိန္နီကြားတွင် တည်ရှိသော စခန်းတစ်ခုဖြစ်သည်။

 

ထိုနည်းတူ လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းကိုလည်း မဟာမိတ်တပ်များမှ ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှ အဆိုပါတပ်စခန်းသို့ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများပေးနေရသည့်အပြင် မြေပြင်စစ်ကူမပေးနိုင်မှုကြောင့် လေကြောင်းမှသာ လက်နက်ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်နေရကြောင်း TNLAက ဆိုထားသည်။