စစ်ကောင်စီက KIA လိုင်ဇာဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်တွင် တိုက်ပွဲပြင်းထန်နေ

Published on Oct 31, 2023

ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာပတ်ဝန်းကျင်အနီးသို့ စစ်ကောင်စီ၏ ခါယာစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

 

၎င်းတိုက်ခိုက်မှုကြောင့် ၁၀၂၇ စစ်ဆင်ရေးမှ မဟာမိတ်ညီနောင်သုံးဖော်တွင်းပါဝင်သည့် ရက္ခိုင့်တပ်တော်(AA)၏ တပ်စခန်းရှိရာ ပတ်ဝန်းကျင် ဒေသများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း သိရသည်။

 

ထို့​ပြင် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က စစ်ကောင်စီမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ၂၉ ဦးသေဆုံးပြီး ၆၀ ဦးနီးပါးထိခိုက်ဒဏ်ရာရရှိစေခဲ့သော မုန်လိုင်ခက်စစ်ရှောင်စခန်း အနီးပတ်ဝန်းကျင်သို့လည်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

အလားတူ ယနေ့ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းဖြစ်သော ကန်တောင်ယန်စခန်းအနီး၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

 

ယမန်နေ့ ညနေ ၆ နာရီခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)ဖောင်းဆိုင်မြို့ကို အောင်မြင်စွာ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

 

အောက်တိုဘာ ၂၇ ရက်မှ စတင်ခဲ့သော ကိုးကန့်တပ် MNDAA, တအာင်းတပ် TNLA နှင့် ရခိုင်တပ်တော် AA တို့၏ ရှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေး စစ်ဆင်ရေးသည် အောက်တိုဘာ ၃၀ အထိ လေးရက်တာကာလအတွင်း စစ်ကောင်စီ တပ်စခန်း ၈၀ နီးပါးသိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။