၁၀၂၇ စစ်ဆင်ရေး တတိယမြောက်နေ့မှာ သံချပ်ကာကားတစ်စီး ထပ်မံဖျက်ဆီးနိုင်ခဲ့ပြီး စခန်းပေါင်း (၂၁) ခုအထိသိမ်းပြီးနောက် သုံးရက်တာအတွင်း စခန်းပေါင်း(၆၇) ခု သိမ်းနိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Oct 30, 2023

၁၀၂၇ စစ်ဆင်ရေး အဖြစ် အောက်တိုဘာ (၂၇) ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေး တတိယမြောက်နေ့မှာပဲ စခန်း (၂၁) ခု ထပ်မံသိမ်းယူနိုင်ခဲ့ပြီးနောက် (အောက်တိုဘာ ၂၉ရက်အထိ) သုံးရက်တာအတွင်း သိမ်းယူနိုင်ခဲ့တဲ့ စခန်းပေါင်း (၆၇) ထိရှိလာပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

 

မနေ့က (အောက်တိုဘာ ၂၉) တစ်ရက်တာအတွင်းမှာပဲ ကိုးကန့်ဒေသအတွင်းရှိ စစ်ကောင်စီတပ် (၁၀) နှစ်ကျော် တပ်စွဲထားတဲ့ ရာခုတ်ကိုင်စခန်း၊ ရန်သက်ရှမ်း(ရန်တော်စံ) စခန်းစတဲ့ စခန်းအကြီးတွေအပါအဝင် စစ်ကောင်စီရဲ့ စခန်းပေါင်း (၂၁) ခုအထိ သိမ်းယူနိုင်ခဲ့တာပါ။

 

ဒါ့အပြင်  စစ်သုံ့ပန်း (၃၇) ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး နန်ကျွမ်းပြည်သူ့စစ်အယောက် (၃၀) ကိုတော့ MNDAA က သူတို့တွေရဲ့လက်ခံမှုနဲ့အတူ ပြန်လည်ဖွဲ့စည်းပေးခဲ့ပါသေးတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းယူခဲ့တဲ့ စခန်းတွေဟာ ကိုးကန့်ဒေသ၊ မုံးကိုးဒေသ မန်းယန်၊ ကွမ်ထန်ဖ ပိုက်ဖိန်ပေါက်ပေါက်တောင်ကုန်း၊ ဖောင်းဆိုင်၊ ကွမ်းလွန်၊ မူပန် (သိန္နီ) ၊ လားရှိုးအရှေ့ဘက်ခြမ်း၊ မူပန်၊ နမ့်ဘွမ်နဲ့ မာချီနော ဒေသက ရဲစခန်းနဲ့ စခန်းတွေ ဖြစ်တယ်လို့လည်း ဆက်လက် ဖော်ပြထားပါတယ်။

 

သိမ်းယူနိုင်ခဲ့တဲ့ လက်နက်တွေထဲမှာ ဆိုရင်လည်း ၆၀ မမ၊ ၄၀ မမ၊ MG3 သေနတ်၊ စိန်ပြောင်း၊ လက်နက်ငယ်များ အပါအဝင် အခြားလက်နက်ခဲယမ်းမျိုးစုံကို အမြောက်အမြား သိမ်းဆည်းထားနိုင်ခဲ့ပြီး သံချပ်ကာကားတစ်စီးကိုလည်း ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အောက်တိုဘာ (၂၈) ရက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် (၁၂၈) ဗျူဟာကုန်းမှ ဒု-ဗျူဟာမှူး သေဆုံးခဲ့သလို အခြားတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ နောက်ဆက်တွဲအနေနဲ့ ဆက်လက် ဖော်ပြထားပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာ (၂၇) ရက်နေ့ကတည်းက စစ်ကောင်စီဟာ အထိုင်ချ တပ်စွဲထားတဲ့ စခန်း‌အမြောက်အမြား လက်လွှတ်နေရပြီး ဒီနေ့မှာလည်း နောက်ထပ်စခန်းတွေ တောက်လျှောက်လက်လွှတ်နေရတယ်လို့ မြေပြင်သတင်းများအရ သိရပါတယ်။ အရေအတွက်အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။