လားရှိုး-သိန္နိကြားရှိ စစ်ကောင်စီတပ်စခန်းကို TNLA ထပ်သိမ်း

Author ခေတ်နီ
Categories
Published on Oct 30, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)က လားရှိုးနှင့် သိန္နီအကြားရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းလွတ်​​​မြောက်ရေးတပ်မတော်(TNLA)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်​နေ့ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၏ မိုင်းလီစခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု TNLA က ဆိုသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ သေနတ် ၁၁ လက်၊ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ 40MM ဗုံးသီး ၁၂ လုံးနှင့် ကျည်ဆံများအပါအဝင် အခြားလက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုနည်းတူ ယနေ့ အောက်တိုဘာ ၃၀ ရက်တွင်လည်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေကြောင်း TNLA ကဆိုသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် သိန္နီမြို့အဝင်ရှိ တံတားတစ်စီးကျိုးကျပျက်စီးခဲ့ပြီး ထိုတံတားသည် လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသများကိုဆက်သွယ်ထားသည့်လမ်းမများအတွက် အရေးပါသည့်တံတားဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။