၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်စခန်း ၅ ခု သိမ်းမိဟု TNLAပြန်ကြားရေး အရာရှိပြော

Author ခေတ်နီ
Categories
Published on Oct 28, 2023

မြောက်ပိုင်းမဟာမိတ် တပ်ဖွဲများ ဦးဆောင်တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်၏ စစ်စခန်း ၅ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်မှ CJ Platform သို့ဖြေကြားထားသည်။

 

နောင်ချိုမြို့နယ်၊လားရှိုးမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်များရှိ စစ်ကောင်စီတပ်၏ စစ်စခန်းများဖြစ်သည့် သံဘိုရွာ နတ်စင်ကုန်းစခန်း၊ နမ့်ခမ်း- နမ့်ဖက်ကာလမ်းမပေါ်ရှိ (၁၂ )မိုင်နှင့် (၁၃ )မိုင်စခန်း ၊မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ်တာဝါတိုင်စခန်း)နှင့် လားရှိုးမြို့နယ်ရှိ တိန်းတန်စခန်းတို့ကို အောက်တိုဘာလ ၂၆  နှင့် ၂၇ ရက်နေ့တို့တွင် TNLAမှ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

 

ထိုစခန်းသိမ်းတိုက်ပွဲများအတွင်း TNLAတပ်နှင့်အတူ မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် MNDAA၊ AAတို့အပြင် မန္တလေးPDFမှလည်း ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်၏တပ်သား အလောင်း ၁၈ လောင်းကျော် အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

“တိုက်ပွဲအသေးစိတ်တွေကတော့ ဒီနေ့မရသေးဘူးပေါ့၊ ကျနော်တို့ သိမ်းတာကတော့ ၂၆ရက်နေ့က စပြောလို့ရမယ် နောင်ချို သံဘိုဖက်မှာရှိတဲ့ နတ်စင်ကုန်းစခန်းပေါ့ ၊နမ့်ခမ်းက ၁၂ မိုင်စခန်းရယ် ၁၃ မိုင်စခန်းရယ် မန်မိုင်တပ်စခန်းရယ် လားရှိုးကတော့ တိန်းတန်စခန်းပေါ့ အဲ့တာက မနေ့ကသိမ်းတာ ၊အရပ်သားထိခိုက်မှုကတော့ အသေးစိတ်ကတော့ မရသေးဘူးပေါ့၊ နမ့်ဖက်ကာမှာတော့ တိုက်ပွဲမရှိပဲ သူတို့ကပစ်လို့ သေတာတော့ရှိတယ် ကျနော်တို့တပ်တွေတော့ အဲ့မှာမရှိပါဘူး”ဟု ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ဆိုသည်။

 

လက်ရှိတွင်လည်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတိုက်ခိုက်နေပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပေ။

 

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို အကြိမ် ၃၀ ကျော်အထိ လုပ်ဆောင်ခဲ့ပြီး ယမန်နေ့ညကလည်း နှစ်ဖက်အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကာ ထိုပစ်ခတ်မှုများကြောင့် မိုင်းတိမ်ကျေးရွာရှိ နေအိမ်တချို့ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်။

 

CJ Platform မှပြုစုထားသည့် စာရင်းများအရ အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ကြီးထိမှန်မှုနှင့် လက်နက်ကြီး ပေါက်ကွဲသံပြင်းထန်မှုကြောင့် ကလေးငယ်သုံးဦး အပါအဝင် အရပ်သားငါးဦး သေဆုံးကာ ခြောက်ဦးထက်မနည်း ထိခိုက်မှုများ ရှိနေခဲ့ပြီး လားရှိုးဒေသခံ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။