မိအောင်လှိုင်ရဲ့ အပျော်ဆုံးနေ့

Author အဘပု
Categories
Published on Sep 07, 2022

မိအောင်လှိုင်အရမ်းပျော်နေသည်။ ဒီကနေ့သည် မိအောင်လှိုင်အတွက် ရင်အခုန်ရဆုံးနေ့တစ်နေ့ဖြစ်သည်။ အိပ်ခန်းထဲ ပြန်ရောက်ချိန်ထိ မိအောင်လှိုင် သူရဲ့လက်ဖဝါးလေးနှစ်ဖက်ကို ဖွဖွလေးနမ်းလိုက် ရင်ခုန်အပျော်လွန်ပြီး ပြုံးလိုက်ရီလိုက်နှင့် မိအောင်လှိုင် စိတ်လှုပ်ရှားခဲ့ရသည်။ သူ့လက်တိုလေး နှစ်ဖက်ကို ကိုကိုပူက ကိုင်ခဲ့တယ်မဟုတ်လား။

ဒီလိုနေ့မျိုးအတွက် မိအောင်လှိုင် ရက်ပေါင်းများစွာ ကြိုးစားခဲ့ရတာဖြစ်သည်။ ကိုကိုပူနဲ့ တွေ့ဆုံဖို့အရေး မိအောင်လှိုင် မိုင်းပေါင်းထောင်ချီ လာခဲ့ရခြင်းဖြစ်သည်။ ကျန်ခဲ့တဲ့ ရွာမှာလည်း အရီးဒေါ်ပုသားတွေက မိအောင်လှိုင် ခိုးထားသည့် အိမ်လေးကို ပြန်သိမ်းသွားမှာလည်း ကြောက်ရသည့်အထဲ အရဲကိုးကာ လာရခြင်းဖြစ်သည်။

ကိုကိုပူနဲ့ တွေ့ရဖို့အရေး မိအောင်လှိုင်ကြိုးစားခဲ့သည်မှာ ၃ကြိမ်ရှိပြီ။ ကိုကိုပူ စိမ်းကားသည်။ သူ့တပည့်တွေနဲ့ပဲ ဆက်ဆံခံခဲ့ရပြီး မိအောင်လှိုင်လေး ဘာမျှ မတတ်နိုင်ခဲ့။ ကိုကိုပူ ဘယ်လို စိမ်းကား စိမ်းကား မိအောင်လှိုင် ဇွဲမလျှော့ခဲ့သည် အကျိုးကျေးဇူးကတော့ အခု ကိုကိုပူရဲ့ လက်ဖဝါးလေးတွေကို ကိုင်ခွင့်ရပြီမလား။ လက်ဝါးလေးဥနေတာမို့ မိအောင်လှိုင် ရင်ခုန်သိမ့်သိမ့် နေရခြင်းဖြစ်သည်။

ရွာမှာ မိအောင်လှိုင် အလံခိုးပြီးကတည်းက မိအောင်လှိုင်ကို တစ်ရွာလုံးက မကြည်တော့။ ဘယ်ရွာမှ မိအောင်လှိုင်ကို မပက်သက်ကြ။ တစ်ဖက်ကရွာက ပေါက်ဖော်ကြီးတောင်မှ မိအောင်လှိုင်ကို အဖက်မလုပ်။ အနီးနားရွာများမှ ဘုရားပွဲသံလေးများ ကြားရကြားရ အလှူပွဲသံလေးများ ကြားရကြားရ မိအောင်လှိုင်ကိုများ ဖိတ်စားမလား မိအောင်လှိုင် အမြဲရင်ခုန်ရသည်။ သူတို့ဖိတ်တာနဲ့ အပြေးလေးသွားဖို့ မိအောင်လှိုင် အမြဲ စကင်တွေကဲသည်။ ဂျင်တွေဆော့သည်။ ပုတုတုအရပ်ကလေး လူမသိအောင် မြန်မာဝတ်စုံနဲ့ ဖိတ်စားခံရရင် ဝတ်ဖို့ ၂ပေအထူ ပုံတော်ဖိနပ်က တစ်ရံ။ မျက်နှာဖြူလို ဖိတ်စားခံရရင် ဝတ်ဖို့ ၂ပေအထူ ဒေါက်ဖိနပ်က တစ်ရံကို မိအောင်လှိုင် အမြဲပြင်ထားသည်။

ဒီတစ်ခါတော့ မိအောင်လှိုင် စွန့်စားရကျိုးနပ်ပြီဖြစ်သည်။ လက်ဆေးဆပ်ပြာရောင်းပွဲအကြောင်းပြပြီး မိအောင်လှိုင် ကိုကိုပူနဲ့ တွေ့ဆုံဖို့အရေးကြိုးစားလိုက်တာ အခုတော့ လက်ဖဝါးလေး ကိုင်ခွင့်ရခဲ့ပြီမလား။

ကိုကိုပူရဲ့ လက်ဖဝါးလေး ကိုင်ခွင့်ရအပြီးမှာ မိအောင်လှိုင်ကိုလည်း ၁၀မိနစ်လောက် စကားတွေ ပြောသေးတယ်လေ။ မိအောင်လှိုင် ပျော်တာပေါ့ အမေရယ်။ ကိုကိုပူ ဘာပြောလည်း မိအောင်လှိုင် စိတ်မဝင်စား။ စိတ်မဝင်စားတာမဟုတ် တကယ်က မိအောင်လှိုင်ဘာမှ နားမလည်။ သူ့စကားမှ မတတ်တာ ဘာနည်းလည်မတုန်း။ နားမလည်တဲ့အတူတူတော့ မိအောင်လှိုင် ကိုကိုပူရဲ့ မျက်နှာကို ရွှန်းရွှန်းစားစားကြည့်ပြီး အချိန်ဖြုန်းလိုက်တာပေါ့။

ဆုံတွေ့ခွင့်ရတုန်းလေးမှာ မိမိအောင်လှိုင်ရင်ထဲရှိတာတွေ မြှောက်ချပလိုက်သည်။ ကိုကိုပူသာ အချောဆုံး။ ကိုကိုပူသာ အတော်ဆုံး ကိုကိုပူသာ အကြာဆုံးလို့ မိအောင်လှိုင် မြှောက်ချပလိုက်သည်။ ကိုယ့်အဖက်လုပ်တာ တစ်ယောက်လောက် ပေါ်လာတုန်း အစွမ်းကုန် မြှောက်ရမှာက မိအောင်လှိုင် တာဝန်ပဲလေ။ ဒီလိုမျိုးလေး အခွင့်ရဖို့ကို မိအောင်လှိုင်မှာ ကြိုးစားခဲ့ရတာ။

ရွာက မိအောင်လှိုင်ရဲ့ ဖောက်သည်တွေကို မိအောင်လှိုင်နဲ့ ကိုကိုပူ ချစ်နေကြပြီလိုလို နောက်လပဲ လက်ထပ်တော့မလိုလို မိအောင်လှိုင် ရွာထဲပတ်ကြွားခိုင်းထားသည်။ ယုံတာ မယုံတာ အကြောင်းမဟုတ် ဒီလိုကြွားနိုင်ဖို့ မိအောင်လှိုင် ကြိုးစားခဲ့ရတာ။ အခုဆို လက်ကလေးတောင် ကိုင်ခွင့်ရလိုက်ပြီမလား။

ဒီကနေ့သည် မိအောင်လှိုင်ရဲ့ အပျော်ဆုံးနေ့ဖြစ်သည်။ အို.. ပြောမယ့် ပြောရရင် အခွင့်လေးများရဦးမယ်ဆိုရင် ဟိုအဆိုတော်လေးရဲ့ သီချင်းလို ကိုကိုပူရဲ့ လက်ကလေးကို တစ်စက္ကန့်လောက် ထပ်ကိုင်ကြည့်ချင်သေးတာ။
မင်းလက်ကလေး ကိုင်ချင်လို့.. တစ်စက္ကန့်လောက်ခွင့်ပြုပါ……။
#သရော်စာ