မြောက်ပိုင်းပူးပေါင်းအဖွဲ့ လားရှိုးကို ဝင်တိုက်၊ စစ်ကောင်စီတပ်သား သေဆုံးမှုများရှိ

Author ခေတ်နီ
Categories
Published on Oct 27, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)တခွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ စစ်ဆေးရေးဆင်နွှဲနေရာ ယနေ့နံနက်ပိုင်း လားရှိုးမြို့တွင်းရှိ စစ်ကောင်စီဂိတ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်သားသေဆုံးမှုများရှိကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်မနက်အစောပိုင်းမှစတင်၍ မြောက်ပိုင်းမဟာမိတ်တပ်များမှ စစ်ဆင်ရေး ၁၀၂၇ အဖြစ် တပြိုင်နက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုစစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် လားရှိုး-မူဆယ်လမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းများ၊ တိုးဂိတ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ထိုတိုက်ပွဲများသည်လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ သိန္နီနှင့် ချင်းရွှေဟော်မြို့များအထိ ပျံ့နှံ့ဖြစ်ပွားနေပြီဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိ‌ကြောင်း CJ Platform ၏ သတင်းရင်းမြစ်အချို့ထံမှ စုံစမ်းသိရှိရသည်။

” မနက်က ဟိုပိတ်တိုးဂိတ်ကို အရင်ချတာ။ အခုတော့ငြိမ်သလောက်ရှိနေပြီ။ နောက်တော့ နေရာစုံကနေ လက်နက်ကြီးပစ်တာ ၄၁ တပ်ထဲ ကျတယ်။ အဲဒီကနေလည်း ပြန်ပစ်တာတွေရှိတယ်။ စစ်သားတွေလည်း အတော်သေတယ်ပြောတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။

ထိုတိုက်ပွဲများအတွင်း မဟာမိတ်တပ်များမှ ဒရုန်းဖြင့်တိုက်ခိုက်မှုများအပြင် စစ်ကောင်စီတပ်မှလည်း တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်မှုများလည်းရှိကြောင်း သိရသည်။

လားရှိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို CJ Platform မှ စုံစမ်းနေဆဲဖြစ်သည်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပြန်ကြားရေးဌာနမှတစ်ဆင့် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်ထံ ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးအတွင်း ရောက်ရှိနေမှုကြောင့် ဖြေကြားခြင်းမပြုနိုင်ခဲ့ပေ။