ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်ပြုခဲ့ ၊ ပြည်သူ (၁)ဦး ထိခိုက်ကာ နေအိမ် (၁) လုံး ပျက်စီး

Author လင်းနွေဦး
Categories
Published on Oct 27, 2023

ကရင်အမျိုးသား အစည်းအရုံး ( K.N.U ) အုပ်ချုပ်မှုနယ်မြေ ၊ ခလယ်လွီထူ (ညောင်လေးပင် ) ခရိုင် နှင့် မုတြော်ခရိုင်နယ်စပ်တို့ရှိ ကျေးရွာများ အတွင်းသို့ စစ်ကောင်စီမှ အောက်တိုဘာ (၂၅) ရက်နေ့၌ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ် ပြုလုပ်ခဲ့ကြောင်း K.N.U မှထုတ်ပြန်သည်။

စစ်ကောင်စီတပ် ၏ ဂျက်လေ လေယာဉ် (၃) စင်းသည် အောက်တိုဘာ (၂၅)ရက်နေ့ မနက် ၉နာရီ ၅၀မိနစ် မှ (၁၀) နာရီအချိန်အတွင်း လယ်ဒို (ကျောက်ကြီး) မြို့နယ် ရှိ ခေါလိုကလိုးကျေးရွာအား ဗုံးကြဲတိုက်ခိုက်မှု (၁)ကြိမ် နှင့် တိုက်လေယာဉ်ပါ စက်သေနတ်ကြီးများဖြင့် ပစ်ခတ်ခြင်း (၁) ကြိမ် စုစုပေါင်း တိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ခေါလိုကလိုးကျေးရွာ အတွင်းရှိ ပြည်သူတစ်ဦး ဖြစ်သော ညာနော ပစော ၏ နေအိမ် တည့်တည့်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲသဖြင့် နေအိမ် အတွင်းရှိ ပရိဘောဂများ အပါအဝင် ကျေးရွာ အတွက်ထားရှိသော ဆေးဝါးများလည်း ထိခိုက်ဆုံးရှုံးခဲ့ရသည် K.N.U မှ ဖော်ပြသည်။

တဆက်တည်းမှာပင် စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်များမှအနီးရှိ ကွီးလားကျေးရွာ အပေါ်သို့ ဗုံးကြဲ တိုက်ခိုက်မှု (၁) ကြိမ် စက်သေနတ်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက် မှုကြောင့်ကျေးရွာနေ ပြည်သူတစ်ဦး ဖြစ်သော နော်ဆွဲလာဖော မှာ ကျည်စထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

၎င်းအပြင် အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁နာရီ၃၀မိနစ် အချိန်တွင် ဆောထိ(ရွှေကျင်) မြို့နယ် အတွင်း ရှိ တကက်ပူကျေးရွာ သို့ (၁)ကြိမ် ၊ ခလယ်လွီထူ ခရိုင်နှင့ မူတြော်ခရိုင် နယ်စယ်ရှိ ဘောကော် ကျေးရွာ သို့ (၁)ကြိမ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အနီးရှိ ကျေးရွာ (၇) ရွာ မှ ပြည်သူ (၁၄၀၉) ဦး ထိတ်လန့်ကြောက်ရွံ့ ကာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁) လ အတွင်း ခလယ်လွီထူ ခရိုင်၌ စစ်ကောင်စီတပ် မှ အောက်တိုဘာ (၁၇) ရက်နေ့ အတွင်း လယ်ဒိုမြို့နယ် တွင် လေယာဉ်ဖြင့် ဗုံးကြဲ မှု (၆)ကြိမ်၊စက်သေနတ်ကြီးဖြင့် ပစ်ခတ်မှု (၆)ကြိမ် ၊ အောက်တိုဘာ (၂၂) ရက် နေ့တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု (၇) ကြိမ် ၊ အောက်တိုဘာ (၂၅) ရက်နေ့တွင်​လေယာဉ်ဖြင့် ဗုံးကြဲမှု (၃)ကြိမ် ၊ စက်သေနတ်ကြီးဖြင့် ပစ်ခတ်မှု (၃)ကြိမ် စုစုပေါင်း (၂၅) ကြိမ် လေကြောင်းတိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်။