ရွှေဘိုတွင် မိုင်းမတော်တဆဖြစ်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် ဖမ်းဆီးခံရ

Author ခေတ်နီ
Categories
Published on Oct 25, 2023

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပြည်သူ့‌ဆေးရုံကြီး အနီးတွင် ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပေါက်ကွဲမှုကြောင့် အသက် ၃၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းပေါက်ကွဲမှုမှာ မိုင်းမတော်တဆဖြစ်မှုကြောင့် ဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည်။

“သူတို့က ဘယ်အဖွဲ့လဲဆိုတာတော့ မသိရသေးဘူး အစ်မတို့လည်း လိုက်ပြီးစုံစမ်းနေတုန်းပဲ ကျမတို့အဖွဲ့က မဟုတ်တော့ သေချာအသေးစိတ်ကိုတော့ မသိသေးဘူး UG ground က ဆိုတော့ လိုက်တော့မေးနေတုန်းပဲ ဘာမှမထုတ်ပြန်သေးတော့ ဘာမှမသိရသေးဘူး”ဟု ရွှေဘိုမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားသည့် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ ရဲမေတစ်ဦးမှ ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များအနေဖြင့် အဆိုပါ အမျိုးသမီးအား ဖမ်းဆီးသွားပြီး ထိခိုက်ဒဏ်ရာများကို ဆေးကုသနေရကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ဆေးရုံမှန်များသာ ကွဲခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် telegram များတွင် ဖော်ပြမှုအရ သိရသည်။

စစ်ကောင်စီမှ ဒဏ်ရာရရှိသူ အမျိုးသမီးအား ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု စွပ်စွဲထားသော်လည်း CJ Platform မှ အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။