အရာတော်ရှိ ပျူရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဝင်တိုက်၊ စစ်သားနှင့် ပျူ ၈ ဦးသေဆုံး

Author အဂ္ဂ
Categories
Published on Oct 24, 2023

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ပျူစောထီးအဖွဲ့ဝင်များနေထိုင်သော သလဲဘာရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄)ဦးနှင့် ပျူစောထီး (၄)ဦးသေဆုံးခဲ့ကြောင်း Generation Z Power-GZP(Mandalay)အဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၂၃)က ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၁) ရက် မွန်းလွဲ(၃)နာရီခွဲခန့်က ပြုလုပ်ခဲ့သည့်ပူး‌ပေါင်းစစ်ဆင်ရေးအတွင်း PDF ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သော်လည်း စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးခဲ့သည့်အပြင် အများအပြားဒဏ်ရာရခဲ့ကြောင်း GZP(Mandalay)ထံမှ သိရသည်။

” ပျူနဲ့ စစ်သားနဲ့ ၄၀ လောက်ရှိမယ်။ ဒါပေမဲ့ ဝင်တိုက်တဲ့အချိန် အဲ့လောက်မကဘူး။ ကျွန်‌တော်တို့ ၃ နာရီခွဲမှစကပ်လာတာ။ ၅ နာရီမှာ ဝင်တိုက်တာ။ တော်လှန်ရေးအဖွဲ့နဲ့ အဖွဲ့၃ဖွဲ့ခွဲပြီးပေါ့။ ကျွန်‌တော်တို့က မြောက်ခြမ်းကနေ ဝင်တာ။ စစ်ကောင်စီ ကင်းစခန်းကို အလစ်ဝင်ပစ်တာ။ ၃ နာရီကျော်လောက်ကြာတယ် ” ဟု GZP(Mandalay)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများထံမှ လက်နက်တက်ကောက်ရန်လုပ်ဆောင်ခဲ့သော်လည်း မိုင်းကွင်းခံနေသည့်အတွက် ကြိုးပမ်းမှုမအောင်မြင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုစစ်ဆင်ရေးကို ပုသိမ်ကြီး ပကဖ၊ မုံရွာခရိုင်တပ်ရင်း (၁၉)၊ MRTF၊ NDRF၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၂)၊ ဒရုန်းအဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ(အရပ်အခေါ် ပျူစောထီးအဖွဲ့ဝင်)ရွာအများအပြားရှိရာတွင် သလဲဘာ၊ ငွေတွင်းနှင့် ရွှေတွင်းရွာတို့မှာ ကပ်လျက်တည်ရှိကြသည်။

၎င်းရွာများမှ ပျူစောထီးများသည် စစ်တပ်စစ်ကြောင်းထိုးချိန်တွင် ရွာများကို လမ်းပြခြင်း၊ စစ်ကြောင်းဝင်သည့်ရွာများမှ ပစ္စည်းများခိုးယူခြင်း၊ စစ်ကောင်စီတပ်နှင့် ပေါင်းကာ လုယက်ခြင်းများလည်း ပြုလုပ်ကြကြောင်း ဒေသကာကွယ်ရေးတပ်များက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂)ရက်နေ့ကလည်း ငွေတွင်းပျူရွာတွင် ပျူစောထီးအချင်းချင်း မိန်းမကိစ္စ စကားများကြရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။