စစ်ကောင်စီ ပြန်လည်သိမ်းယူရန် အခက်ခဲဆုံးသော စခန်းကုန်း

Author လင်းနွေဦး
Categories
Published on Oct 19, 2023

ဇူလိုင်လ တစ်မနက်မှာ ဗိုလ်ဒါဘောတို့တစ်သိုက် သမိုင်းတွင်မယ့် စစ်ဆင်ရေးတစ်ခုဆင်နွှဲခဲ့ကြပါတယ်။

အဲဒီ Mission ကတော့ လက်ခတ်တောင် စခန်းသိမ်းတိုက်ပွဲပဲဖြစ်ပါတယ်။

ဇူလိုင် ၂၀ ရက် မနက်အစောပိုင်း ၆ နာရီအချိန် လက်ခက်တောင်အနီး တောရိပ်၊ တောင်ရိပ်နဲ့အတူ ဇူလိုင်မိုးကြောင့် အလွန်အေးမြနေချိန်ဝယ် Cobra ရဲဘော်တို့ မအေးအားခဲ့ပါဘူး။

ပြည်သူလူထုကို လက်နက်နဲ့နိုင့်ထက်စီးနင်းပြုနေသူတွေကို ချေမှုန်းနိုင်ဖို့ စိတ်အားထက်သန်နေကြလို့ပါ။

ဒါဟာ လက်ခတ်တောင်ကိုသိမ်းယူရတဲ့အဓိကအကြောင်းအရင်းဖြစ်တယ်လို့ Cobra အဖွဲ့ခေါင်းဆောင် ဗိုလ်ဒါဘောက စခန်းသိမ်းပြီးနောက် ပြည်သူထံသတင်းစကားပါးခဲ့တဲ့အထဲ ထည့်ပြောခဲ့ပါတယ်။

“သူတို့(စစ်ကောင်စီ)ဘက်ကနေပြီးတော့ စိုးမိုးတောင်ကုန်းဖြစ်တဲ့ လက်ခတ်တောင်ပေါ်ကနေပြီး ပြည်သူလူထုတွေနေထိုင်တဲ့ ကျေးရွာတွေထဲ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တာတွေကြောင့် မခံနိုင်တော့တဲ့အဆုံး ခုလိုတက်သိမ်းရတာဖြစ်တယ်” လို့ စစ်ကြောင်းမှူးက ပြောပါတယ်။

အဲဒီနေ့ကစတင်ကာ Cobra နဲ့ ပူးပေါင်းတပ်ဖွဲ့များမှ လက်ခတ်တောင် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေကိုမမှုဘဲ တစ်ရက်နီးပါး ပင်ပန်းကြီးစွာတိုက်ခိုက်ခဲ့ကြရပါတယ်။

“လက်ခက်တောင်သိမ်းဖို့အတွက် ကျွန်တော်က တုံးတံတား မှာ ဝင်ပစ်ရတာပေါ့။ စိမ်းလဲ့မြိုင် ကားဝင်းအနီးမှာပါ။ကျွန်တော်က လက်ခတ်တောင်သိမ်းမယ့်ချိန် အဝင်လမ်းတွေကို ပိတ်ဆို့ရေးလုပ်ပြီးတိုက်ခိုက်တဲ့ အပိုင်းတာဝန်ယူရလို့ပါ” လို့ ဆိုလာသူက Cobra ရဲဘော်တစ်ဦးဖြစ်ပါတယ်။

သူဟာ အရေးကြီးတဲ့ စစ်ဆင်ရေးမှာ အရေးပါတဲ့နေရာကနေ အဖွဲ့တစ်ခုကို ဦးဆောင်တိုက်ခိုက်ခဲ့ရသူတစ်ဦးပါ။

ကြိုးပမ်းမှုရဲ့အသီးအပွင့်ကို နောက်နေ့ ဇူလိုင်(၂၁)ရက် မနက်(၅)နာရီအချိန်မှာ စားသုံးခွင့်ရခဲ့ကြပါတယ်။ Cobra တွေဟာ လက်ခတ်တောင်တစ်ကြောကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

“သိမ်းနိုင်ခဲ့ပြီဆိုတာကြားတော့ အတိုင်းမသိဝမ်းသာတာပေါ့အစ်ကိုရာ” လို့ CJ Platform ရဲ့ မေးမြန်းမှုကို အဲဒီအချိန်က သူ့ရဲ့ခံစားချက်ကို ပြန်လည်ဖြေကြားပါတယ်။

Cobra တွေဘက်ကပေးဆပ်မှုအနေနဲ့တော့ တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် (၆)ဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့တာပါပဲ။ စစ်ကောင်စီဘက်တော့ တပ်သားအများပြားသေဆုံးကာ ထိခိုက်ဒဏ်ရာတွေနဲ့အတူ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

ဒီတိုက်ပွဲကနေ လက်နက်အများအပြားလည်း သိမ်းဆည်းရမိခဲ့ရာမှာ Jammer ခေါ် Drone ဖျက်ချရေးစက်ပစ္စည်း (၁)လုံးအပါအဝင် မိုင်းရှာစက်(၂)လုံး၊ စက်လက်ပြောင်း (၁)ခု၊ ကွန်မန်ဒို စိန်ပြောင်း(၂)လက်တို့နဲ့အတူ အခြားသော လက်နက်ခဲယမ်းအမြောက်အများနဲ့ စစ်အသုံးအဆောင် အမြောက်အမြားတို့ရရှိခဲ့ပါတယ်။

ဒီလို စခန်းသိမ်းနိုင်ဖို့ ဗိုလ်ဒါဘောအပါအဝင် Cobra ရဲဘော်တွေနဲ့ မဟာမိတ်တွေဟာ နေ့ချင်းညချင်း ဝင်တိုက်ခဲ့ကြတာတော့မဟုတ်ပေ။

Cobra စစ်ကြောင်းဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဟာ လက်ခတ်တောင်စခန်းကို သိမ်းယူရန် ကြံစည်နေခဲ့သည်မှာ ဇူလိုင်လ အစပိုင်းရက်များကတည်းကပါ။

ဇူလိုင် ၉ ရက်နေ့မှာတော့ သူတို့ရဲ့အကြံအစည်ကို စတင်အကောင်အထည်ဖော်ခဲ့ကြပါတယ်။

အဲဒီနေ့မှာ Cobra စစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ လက်ခတ်တောင်အနီးတစ်ဝိုက် စစ်ရေးစတင်လှုပ်ရှားခဲ့ပြီး စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲများ စတင်ခဲ့ကြပါတယ်။

အဲဒီနေ့တိုက်ပွဲမှာပဲ စစ်ကောင်စီတပ်သား(၂)ဦးသေပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဇူလိုင် ၉ ရက်နောက်ပိုင်း Cobra စစ်ကြောင်းနဲ့ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှု ပိုမိုသွက်လာပြီး ဇူလိုင် ၁၈ ရက်နေ့အထိ ကြားရက်တွေမှာ လက်ခတ်တောင်အနီးတစ်ဝိုက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး(၁)ဦးသေဆုံးခဲ့ပါတယ်။

တခြားသော ရာထူးအဆင့်(၅) ဦးဒဏ်ရာရရှိပြီး ရန်သူဘက်မှ စစ်လက်နက်ခဲယမ်းများ သိမ်းယူရရှိခဲ့ကာ Cobra နဲ့ ပူးပေါင်းတပ်ဖွဲ့များဘက်ကတော့ ရဲဘော်(၁)င်္ဦးဒဏ်ရာရရှိခဲ့တာပဲရှိပါတယ်။

အဲဒီနောက် ဇူလိုင် ၂၀ ရက် သမိုင်းဝင်တိုက်ပွဲကို အောင်ပွဲဆင်နိုင်ခဲ့ကြပါတယ်။

လက်ခက်တောင်စခန်းတွင် ပါဝင်တိုက်ခိုက်ခဲ့သော ရဲဘော် တစ်ဦးမှလည်း ၎င်းရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံကို ယခုလိုမျှဝေပါတယ်။

“ကျွန်တော် တိုက်ခဲ့တဲ့ပွဲတွေကတော့အများကြီးပါပဲ။ ကျွန်တော်သိတာကတော့ ကျွန်တော့်တာဝန် ကျွန်တော်ကျေပွန်ဖို့ပါပဲ။ လက်ခက်တောင်သိမ်းမယ့်အချိန် ကျွန်တော်က တစ်ဖက်မှာ တာဝန်ကျေစွာအလုပ်လုပ်နိုင်ခဲ့တယ်။ ရန်သူကိုအာရုံလွှဲနိုင်ခဲ့တယ်ပေါ့” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက အခုလို ပြောပါတယ်။

“ကုန်သွယ်ရေးဇုန်လို နေရာတွေလည်း တာဝန်ယူတိုက်ခိုက်ခဲ့တော့ သိပ်တော့အရမ်းကြီး မစိုးရိမ်တော့ပါဘူး။ တာဝန်ကျေဖို့သာအဓိကပေါ့” လို့ သူက ဆက်ပြောပါတယ်။

ဟုတ်ပါတယ်။ Cobra နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲဘော်တွေအားလုံး အဲဒီနေ့က တာဝန်ကျေခဲ့ကြသလို အခုထိလည်း တာဝန်ကျေနေကြတုန်းပါပဲ။

အခုဆို စစ်ရေးအရ အလွန်အရေးပါတဲ့ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းနေရာကို Cobra စစ်ကြောင်းဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ခဲ့တာ သုံးလနီးပါးကြာမြင့်ခဲ့ပါပြီ။

လက်ခတ်တောင်စခန်းကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်သားတွေ အဘယ်သို့ပင် ကြိုးစားသော်ငြား အထိနာခြင်းများစွာနဲ့သာ ဆုတ်ခွာသွားကြရစမြဲဖြစ်ပါတယ်။

Cobra စစ်ကြောင်းနဲ့ စခန်းပြန်လည်ရရှိရေးကြိုးပမ်းတဲ့ စစ်ကောင်စီတို့ ဇူလိုင်(၂၁)ရက်နေ့မှ ဩဂုတ်လ(၁၃)ရက်နေ့အထိ တိုက်ပွဲ(၁၀)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေထဲ ဗိုလ်ကြီး(၂)ဦးအပါအဝင် စုစုပေါင်း (၁၇)ဦးသေဆုံးပြီး (၃၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ Cobra စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တော်လှန်ရေးအင်အားစုဘက်ကတော့ ရဲဘော် (၁)ဦး အသက်ပေးလှူခဲ့ပြီး(၈)ဦးဒဏ်ရာရရှိခဲ့ရပါတယ်။

ကျန်ခဲ့တဲ့ကာလအတွင်း နောက်ဆုံးအကြိမ်ဟုဆိုနိုင်သော စစ်ကောင်စီဘက်ကကြိုးပမ်းမှုမှာ ဩဂုတ်လ(၁၅)ရက်နေ့ဖြစ်ပါတယ်။

သူတို့ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးများ၊ Jet Fighters လေယာဉ်များ၊ Mi 35 Attack Helicopter များပါ အသုံးပြုတိုက်ခိုက်ထိုးစစ်ဆင်ခဲ့ကြ‌ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။

အဲဒီနေ့က Cobra တွေရဲ့ တိုက်ထုတ်မှုကြောင့် ဗိုလ်မှူး(၁)ဦးနဲ့ ဗိုလ်ကြီး (၁)ဦးအပါအဝင် စုစုပေါင်း(၁၅)ဦး သေဆုံးပြီး (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ အထိနာပြီးဆုတ်ခွာခဲ့ရပါတယ်။

Cobra စစ်ကြောင်းနဲ့ပူးပေါင်းမဟာမိတ်တွေဘက်ကတော့ ရဲဘော်(၂)ဦးအသက်စွန့်ခဲ့ရပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စစ်လက်နက်ပစ္စည်းအမြောက်အမြားကို စစ်ကောင်စီထံမှ သိမ်းယူရရှိခဲ့ပြန်ပါတယ်။

နောက်ပိုင်းရက်တွေမှာတော့ စစ်ကောင်စီတပ်‌တွေဟာ မြေပြင်စစ်ကြောင်းထိုးမှုမပြုလုပ်ရဲတော့ဘဲ ဩဂုတ်လ (၁၈)ရက်နေ့တွင် Yak-130(Jet-Fighter)နဲ့ လာရောက်ဗုံးကြဲခဲ့ပါတယ်။

အဲဒီနေ့မှာ Cobra ဘက်က စနိုက်ပါနဲ့ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်သား(၁) ဦးသေဆုံးခဲ့ရပြန်ပါတယ်။

ထိုနေ့ရက်နောက်ပိုင်းမှစတင်ကာ လက်ခတ်တောင် သတင်းများ တိတ်ဆိတ်သွားခဲ့ပြီး တိုက်ပွဲတွေ မရှိသလောက်ဖြစ်နေခဲ့တာ ယနေ့အထိပါပဲ။

လက်ခတ်တောင်စခန်းသိမ်းတိုက်ခိုက်မှုဟာ လာမယ့် အောက်တိုဘာ ၂၀ ဆိုရင် သုံးလတင်းတင်းပြည့်တော့မှာဖြစ်ပါတယ်။ စခန်းသိမ်းအောင်ပွဲကတော့ အောက်တိုဘာ ၂၁ ရက်မှာ သုံးလပြည့်မှာပါ။

ဒီလိုအချိန်တွေသာ ကြာမြင့်လာပေမယ့်လို့ လက်ခတ်တောင်စခန်းဟာ စစ်ကောင်စီတွေ ပြန်လည်ရယူဖို့ မကြိုးပမ်းနိုင်သေးသော စခန်းတစ်ခုအဖြစ် ယနေ့အချိန်ထိ ရပ်တည်နေဆဲဖြစ်ပါတယ်။