လက်ဘရွန်နိုင်ငံသား ရိုက်တာသတင်းထောက်ကို အစ္စရေးက “ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့သည်” ဟု လက်ဘနွန်က စွပ်စွဲကာ UN ကိုတိုင်ကြားရန်စီစဉ်နေ

Author အဂ္ဂ
Categories
Published on Oct 16, 2023

အစ္စရေးက လက်ဘနွန် နိုင်ငံသား ရိုက်တာသတင်းထောက် Issam Abdallah (အစ်ဆမ် အက်ဘ်ဒယ်လာ) ကို “ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့သည်” ဟု လက်ဘနွန်နိုင်ငံက စွပ်စွဲလိုက်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း တိုင်ကြားစာပို့ဖို့ စီစဉ်နေပါတယ်။

လက်ဘနွန်နိုင်ငံသား Mr.Abdallah ဟာ ပြီးခဲ့တဲ့ သောကြာနေ့ (အောက်တိုဘာ ၁၃) ရက်နေ့က လက်ဘနွန်နယ်စပ် အနီးမှာ အစ္စရေးတို့ရဲ့ အမြောက်ဆန်လို့ ယူဆရတဲ့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati (နာဂျစ် မီကာသီ) ကလည်း ဒီသေဆုံးမှုအတွက် အစ္စရေးကို စွပ်စွဲပြစ်တင်ခဲ့ပါသေးတယ်။

အစ္စရေး စစ်တပ်ကတော့ ဒီဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးမှု တွေ လုပ်ဆောင်နေတယ်လို့ စနေနေ့ (အောက်တိုဘာ ၁၄) မှာ ပြောပါတယ်။

“ကျွန်တော်တို့ ရိုက်တာသတင်းထောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ သတိထားကိုင်တွယ်နေပါတယ်။ အဲ့ဒီဖြစ်စဥ်အတွက် လိုအပ်တာတွေကိုလည်း ရှာဖွေနေပါတယ်။ ကျွန်တော်တို့မှာ ရုပ်သံမှတ်တမ်းတွေလည်း ရထားပါပြီ။ နယ်စပ်ဖြတ်ကျော် စုံစမ်းစစ်ဆေးမှုတွေလည်း ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ ဒါက အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ကိစ္စပါ” လို့ အစ္စရေးတပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Richard Hetch (ရစ်ချက်ဟတ်ခ်ျ) ကပြောပါတယ်။
Mr.Abdallah ဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ Al-Jazeera, Agence France-Presse (AFP) သတင်းဌာနက သတင်းထောက်တွေနဲ့အတူ သတင်းရယူ အစီရင်ခံ နေစဉ်မှာပဲ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

သတင်းထောက်တွေဟာ မကြာသေးတဲ့ရက်ပိုင်းအတွင်းကပဲ အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်ပြည့်သူ့စစ် Hezbollah (ဟပ်ဇ်ဘိုလာ) တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့ အစ္စရေးနယ်စပ်အနီးက Alma al- Shaab (အယ်လ်မာ အယ်လ်ရှပ်ဘ်) ရွာပတ်ဝန်းကျင်မှာ သတင်းရယူနေခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီ ထိခိုက်မှုမှာ အခြား ရိုက်တာ သတင်းထောက်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။ အဲ့ဒီထဲကတစ်ယောက်ဖြစ်တဲ့ Maher Nazeh (မဟာ နာဇက်) က Mr. Abdallah ကို ဒုံးကျည်တစ်စင်း ထိမှန်တဲ့အချိန်မှာ ဒီဒုံးကျည်တွေဟာ အစ္စရေးဘက်ကနေ ဦးတည်ပြီးလာခဲ့တာကို မှတ်တမ်း တင်ထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ် စက္ကန့်ပိုင်းအကြာမှာတော့ အခြား ဒုံးကျည်တစ်စင်းက သတင်းထောက်တွေသုံးတဲ့ကားကို ထိမှန်ခဲ့တယ်လို့လည်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

Mr.Abdallah ဟာ သောကြာနေ့ နေ့လယ်ပိုင်းမှာ ရုပ်သံထုတ်လွှင့်တဲ့သူတွေကို တိုက်ရိုက်ထုတ်လွှင့်ဖို့ လိုအပ်တာ ကူပြီးလုပ်ပေးနေတုန်းမှာပဲ အသတ်ခံလိုက်ရတာဖြစ်ပါတယ်။ ကျယ်လောင်ပြင်းထန်တဲ့ ပေါက်ကွဲသံကြောင့် ကင်မရာလှုပ်ယမ်းသွားတာ၊ မီးခိုးလုံးတွေ လေထဲလုံးတက်လာတာနဲ့ လူတွေရဲ့အော်သံကိုလည်း ကြားလိုက်ကြရပါတယ်။

AFP နဲ့ Al-Jazeera သတင်းဌာနတွေကလည်း သူတို့ရဲ့ သတင်းထောက်အသီးသီးဟာလည်း အဲ့ဒီဖြစ်စဉ်မှာ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

Mr. Abdallah ရဲ့မိခင်ဖြစ်သူ Fatima Kanson(ဖာတီမာ ကန်ဆို) ကတော့ “အစ္စရေးက ကျွန်မသားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လိုက်တာပါပဲ၊ သူတို့အားလုံး (သတင်းထောက်တွေ) က ဂျာနယ်လစ်တွေအတွက် ပေးထားတဲ့ ဝတ်စုံတွေလည်းဝတ်ထားသလို ‘Press’ ဆိုတဲ့စာသားကလည်း ထင်းထင်းကြီးမြင်နိုင်ပါတယ်၊ အစ္စရေးက ဒီပြစ်မှုအတွက် ဘူးခံငြင်းလို့လည်း ထူးမှာမဟုတ်ပါဘူး’ လို့ ပြောပါတယ်။

“သူတို့အလုပ်သူတို့လုပ်နေကြတဲ့ ဂျာနယ်လစ်တွေကို ကျွန်တော်တို့ ပစ်ခတ်တာမျိုး၊ သတ်ဖြတ်တာမျိုး ဘယ်တော့မှ မလုပ်ချင်ဘူးဆိုတာ အသိသာကြီးပါပဲ၊ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့က စစ်မက်ဖြစ်ပွားနေ‌တဲ့ အနေအထားထဲမှာ ရှိနေခဲ့တာပါ၊ ဒါကြောင့် ဒါမျိုးတွေက ဖြစ်တတ်ပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံတမန် Gilad Erdan (ဂီလတ် အာဒမ်) က သောကြာနေ့မှာပဲ ပြောခဲ့ပါတယ်။

လက်ဘနွန်ဘက်ခြမ်းမှာရှိပြီး အစ္စရေး-လက်ဘနွန် နယ်စပ်တလျှောက် ကင်းလှည့်နေတဲ့ ကုလသမဂ္ဂ ယာယီ တပ်ဖွဲ့ (ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တစ်ခု) ကလည်း “ဂျာနယ်လစ်တယောက်အသံခံရပြီး အခြားဂျာနယ်လစ်တွေ ဒဏ်ရာရတဲ့ ကိစ္စကြားရတာ အလွန်ဝမ်းနည်းမိပါတယ်” လို့ ပြောပါတယ်။

“ဒီ တစ်စထက်တစ်ပြင်းထန်လာတဲ့ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ အခြေအနေ အလားအလာဟာ ရှင်းနေပါပြီ။ ဒီစစ်ပွဲကို ရပ်သင့်နေပါပြီ” လို့ အဲ့ဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။