မုန်လိုင်ခက် စစ်ရှောင်စခန်း လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခံရ

Author ခေတ်နီ
Categories
Published on Oct 14, 2023

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးအထိသေဆုံးခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်မှ ယမန်နေ့ညပိုင်းတွင် လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်​နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီဝန်းကျင်မှ စတင်ကာ ခယာဘွမ်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ထိခိုက်တာရှိလားဆိုတာ မသိရသေးဘူး၊ ကျတဲ့နေရာကို မသိရသေးဘူး ၊ဒီကလူတွေကတော့ အကုန်လုံး​နီးပါး ဝေကြိုင်ကို ပြောင်းနေကြတာ”ဟု မုန်လိုင်ခက်အနီး နေထိုင်သူ ဒေသခံကဆိုသည်။

ထိုနည်းတူ KIAတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နယ်အတွင်းရှိ လွယ်လွမ်အောင်ဂျာကျေးရွာတစ်ဝိုက်ကို စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မုန်လိုင်ခက် စစ်ရှောင်စခန်းအား စစ်ကောင်စီတပ်မှ တိုက်ခိုက်မှုအတွင်း ကလေးငယ်များအပါအဝင် လူ ၂၉ ဦး သေဆုံးကာ ၅၇ ဦးအထိ ထိခိုက်ဒဏ်ရာရှိခဲ့သည်။