မိုးကုတ်တွင် စစ်ကောင်စီနှင့် TNLA တို့တစ်ရက်အတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား
မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့အကြား ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့တစ်ရက်တည်းမှာပင်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
TNLA တပ်များရှိရာ မိုးကုတ်မြို့နယ်အတွင်းရှိ အထက်ညောင်ကုန်းနှင့် အဖြူရောင်ကျေးရွာအကြားနှင့် အထက်ညောင်ကုန်းကျေးရွာအနီးသို့ စစ်ကောင်စီတပ်၏ ခလရ-၄၄၊ ၈၈၊ ၁၀၂၊ ၁၀၄ တို့က အင်အား(၁၅၀)ခန့်ဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA ကဆိုသည်။
ထိုတိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုရှိ၊မရှိဆိုသည်ကိုတော့ TNLA က ထည့်သွင်းခဲ့ခြင်းမရှိပေ။
စစ်ကောင်စီနှင့် TNLA တို့ကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်၊ ကွတ်ခိုင်တကြောနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တကြောတို့တွင် ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပေါ်လျက်ရှိသည်။
နှစ်ဘက်တိုက်ပွဲများသည် ပြီးခဲ့သည့်ဇူလိုင်လမှစတင်၍ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့အထိ တိုက်ပွဲအကြိမ်ရေ(၇၀)အထိဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ငါးဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရသည်။