ရေကြီးနစ်မြုပ်မှု ကြုံတွေ့လာရချိန်နဲ့ ရေပြန်ကျချိန်မှာ ဘာတွေ သတိထားရမလဲ

Author သတင်းအဖွဲ့
Categories
Published on Oct 12, 2023

သဘာ၀ဘေးအန္တရာယ်တွေကို ရှောင်လွှဲလို့မရတဲ့အတွက် ကျရောက်လာခဲ့ရင် အရန်သင့်ရှိနေဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ရေကြီးနေစဥ်နဲ့ ရေကြီးပြီးတဲ့အခါ ဘေးကင်းအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာတွေကို မျှဝေပေးသွားပါမယ်။

ကြိုတင်ပြင်ဆင်သင့်သည်များ

ဆေးဝါး၊ သောက်သုံးရေသန့်၊ စားနပ်ရိက္ခာ‌(အခြောက်)၊မှတ်ပုံတင် အိမ်ထောင်စုဇယားလိုမျိုး အရေးကြီးပစ္စည်းတွေနဲ့ မိုးလေ၀သသတင်းနားစွင့်လို့ရအောင် ရေဒီယို (သို့) တယ်လီဖုန်း‌အပြင် လိုအပ်ပါက Power Bank/ ဓာတ်မီးတို့ကို ပြင်ဆင်ထားသင့်ပြီး မိမိနေထိုင်ရာဒေသရဲ့ ကယ်ဆယ်ရေးအဖွဲ့များရဲ့ ဖုန်းနံပါတ်တွေကိုလဲ စုဆောင်းထားသင့်ပါတယ်။ ဒါ့အပြင် ရေကြီးပြီးနောက်မှာ ပြန်ဆုံကြမယ့် ဆုံမှတ်တစ်ခုသတ်မှတ်ထားပြီး မိသားစု၀င်တွေရဲ့ ကိုယ်ရေးအကျဥ်း၊ သွေးအမျိုးအစားတွေကို ကတ်(သို့) စာရွက်နဲ့ရေးပြီး ရေစိုခံအိတ်များနဲ့ ဆောင်ထားသင့်ပါတယ်။

ရေကြီးနေစဥ်ဆောင်ရန်/ရှောင်ရန်များ

ရေကြီးပြီလို့ သတိထားမိတာနှင့်တစ်ပြိုင်နက် ကုန်းမြင့်ပိုင်း/ မြင့်တဲ့အဆောက်အဦးပေါ် အရင်သွားပါ။ ရေကြီးချိန်မှာ သစ်ပင်ပေါ်ပြေးတက်တာမျိုးမပြုလုပ်သင့်ပါဘူး (ကံ‌ထူးရင် မြွေလိုမျိုးတိရစ္ဆာန်တွေနဲ့ တစ်ပင်တည်း အတူတူ ရေဘေးဒုက္ခသည်ဖြစ်နိုင်တာကြောင့် အပင်ပေါ်ပြေးတက်တာမျိုးတွေ လုံး၀မပြုလုပ်သင့်ပါဘူး) ရေစီးနဲ့မျောပါလာနိုင်တဲ့ (သံပြား/ အဆိပ်ရှိသတ္တ၀ါများ) အန္တရာယ်ကနေ ကာကွယ်ဖို့ ရေလွှမ်းနေတဲ့ နေရာတွေကို သွားမယ်ဆိုရင် ရာဘာဖိနပ်အရှည်တွေကို ၀တ်ဆင်ပြီးမှသာ သွားသင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ရေလွှမ်းနေတဲ့လမ်းတွေအပေါ် ကား/ဆိုင်ကယ်မောင်းတာတွေ ရှောင်ကြဥ်သင့်ပါတယ်။

မြွေအန္တရာယ်

ရေကြီးချိန်ဟာ ပုံမှန်အားဖြင့် ရာသီအကူးအပြောင်း(သို့) မိုးရာသီဖြစ်တဲ့အတွက် မြွေသားပေါက်ရာသီဖြစ်တဲ့အလျောက် မြွေတွေကိုပိုမြင်တွေ့ရတတ်ပြီး မြွေအန္တရာယ်ကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရေနဲ့အတူမျောပါလာတဲ့ ပစ္စည်းတွေမှာ ကပ်ပါလာနိုင်တဲ့အတွက် ထိ/ကိုင်ခြင်းမျိုး၊ မြွေခိုအောင်းနေနိုင်တဲ့ နေရာတွေကို သွားခြင်းမျိုးတွေ မပြုလုပ်သင့်ပါဘူး။ မြွေကို မိမိကိုယ်တိုင် ဖမ်းဆီးခြင်းဟာ အကိုက်ခံရနိုင်ချေ ပိုများတဲ့အတွက် မြွေတွေ့ရှိပါကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သူတို့အကူအညီနဲ့ ဖမ်းဆီးခြင်းမျိုးသာ ပြုလုပ်သင့်ပါတယ်။ ‌(ရှေးဦးသူနာပြုနည်း အခြေခံသိထားရင် ပိုအဆင်ပြေပါတယ်)

သောက်သုံးရေပြဿနာ

သန့်ရှင်းတဲ့ သောက်သုံးရေပမာဏ အလုံအလောက် ဆောင်ထားသင့်ပါတယ်။ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိရင် ၀မ်း‌ပျက်၊ ၀မ်းလျှောရောဂါတွေ ဖြစ်နိုင်တဲ့အတွက် မိမိအိမ်ရေတွင်း၊ ရေကန်က ရေတွေကို ကျိုချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

ဓာတ်ကြိုးအန္တရာယ်

ရေကြီးနေချိန် မိမိနေအိမ်မှာရှိနေရင် လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားတာ တစ်နည်းအားဖြင့် မိန်းချထားတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ နေအိမ်အပြင်မှာရှိနေခဲ့ရင်လည်း မိမိရောက်နေတဲ့နေရာဟာ အန္တရာယ် ကင်းသလား၊ မကင်းသလား အရင်ကြည့်သင့်ပါတယ်။ ဓာတ်ကြိုးပျက်ကျနေတဲ့နေရာတွေသွားခြင်း၊ ကိုင်ခြင်းကို အထူးရှောင်ရှားသင့်ပါတယ်။

နောက်ထပ်အရေးကြီးဆုံးကတော့ မိုးလေ၀သသတင်းကို အမြဲနားစွင့်နေဖို့လိုပါတယ်။ မိမိတို့မူလနေရပ် ဘေးကင်းကြောင်း မကြေညာမချင်း အိမ်ကို ဇွတ်မပြန်ကြဖို့ မှာလိုပါတယ်။ အိမ်ပြန်ရောက်ခဲ့ရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့သာ လျှပ်စစ်ကြိုးသွယ်တန်းတာတွေ၊ စစ်ဆေးတာတွေ၊ သန့်ရှင်းရေးလုပ်တာတွေကို ဆောင်ရွက်ကြဖို့လည်း ပြောလိုပါတယ်။

အားလုံး ဘေးကင်းကြပါစေ…