မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းတိုက်ခိုက်မှု စစ်အုပ်စု အပြစ်ပေးအရေးယူခံရအောင် NUG လုပ်ဆောင်မည်

Author မင်းထက်
Categories
Published on Oct 11, 2023

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အပြစ်ပေးအရေးယူခံရအောင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲ၍ အကြမ်းဖက်စစ်အုပ်စု၏ ကျုးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

လိုင်ဇာမြို့နှင့် ၂ မိုင်ကျော်အကွာအ‌ဝေးတွင်တည်ရှိသော မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း၌ ဒေသခံနှင့် စစ်ဘေးရှောင် လူဦးရေ ၅၀၀ ခန့် နေထိုင်ပြီး အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီခွဲခန့်က စစ်တပ်က ‌တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး ပေါက်ကွဲသည့်တည်နေရာနှင့် ပေ ၂၀၀ ၀န်းကျင်အထိ သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

စစ်တပ်၏တိုက်ခိုက်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၁၃ ဦးနှင့် ၈၁ နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးပါ၀င်ခဲ့ပြီး အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၄ ဦးဖြင့် စုစုပေါင်း ၃၀ ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူဦးရေ ၅၇ ဦးရှိခဲ့ပြီ စာသင်ကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၁ ကျောင်းနှင့် ဘုရားကျောင်း ၁ ကျောင်းအပါအ၀င် နေအိမ် ၅၀ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ယခုအချက်လက်များသည် အောက်တိုဘာ ၁၀ ရက်နေ့မှ ရရှိခဲ့သော စာရင်းများဖြစ်ပြီး သေဆုံးထိခိုက်မှုထပ်တိုးနိုင်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။